ရေကူးကန်ပါတီကြော်ငြာတွင် ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံအသုံးပြုခြင်းကို နန်းသီရိမောင်ကန့်ကွက်

ပို့စ်တင်ချိန် - 6/24/2014 05:41:00 PM

ဓာတ်ပုံ−လမင်းနိုင်



 ရေကူးကန်ပါတီပွဲ (Pool Party) တစ်ခုတွင် ဓာတ်ပုံနှင့်အမည်ကို ခွင့်ပြုချက်မယူဘဲ  အသုံးပြုခဲ့သောကြောင့် ကန့်ကွက်ခဲ့ကြောင်း နန်းသီရိမောင်က ပြောသည်။

ရန်ကုန်မင်္ဂလာဒုံတွင် ပြုလုပ်မည့် ထိုရေကူးကန်ပါတီတွင် အွန်လိုင်းမှတစ်ဆင့် အဖော်အချွတ် များဖြင့် နာမည်ကြီးလာသော ဇွန်သဉ္ဇာ၊ ဇာဇာထက်တို့ ပါဝင်မည်ဖြစ်ပြီး နန်းသီရိမောင်၏ အမည်ကိုလည်း ခွင့်ပြုချက် မရဘဲ ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ညီမရဲ့နာမည်နဲ့ ဓာတ်ပုံကို ဒီအတိုင်းကြီး ယူသုံးလိုက်တာ။ ကြားထဲကလူတွေကြောင့်လည်း ရှုပ်သွားတာ။ အဲဒါကြောင့် သူတို့ကို ပြန်ဖျက်ခိုင်းထားတယ်။ မလုပ်ရင် တရားစွဲမယ်လို့။ အခုတော့ သူတို့ဘက်ကလည်း တောင်းပန်တယ်။ အကုန်လုံးလည်း ပြန်ဖြုတ်ချပေးပါတယ်’’ ဟု နန်းသီရိမောင်က ပြောသည်။

ယခုကဲ့သို့ ခွင့်ပြုချက်မယူဘဲသုံးစွဲခြင်းသည် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး ပွဲစီစဉ်သူ များဘက်မှလည်း တောင်းပန်နေသောကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း ၎င်းကဆိုသည်။

7day