တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှုများကို အရေးယူမည်ဟုဆို

ပို့စ်တင်ချိန် - 11/07/2013 06:13:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၆

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှု၊ လာဘ်စားမှု၊ တရားဥပဒေနှင့် မညီသော အပြုအမူများနှင့် ပတ်သက်သည့် ပြည်သူများ၏ တိုင်ကြားချက်ကို လက်ခံရယူပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေး အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ရဲအုပ်စိုးထွန်းဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ တိုင်ကြားမှုများ ရှိပါက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ခုံရုံးက သက်သေခံ အကျဉ်းချုပ် ရေးမှတ်ယူကြောင်း၊ ကြီးလေးသော ပြစ်မှုများကို ရဲတရားရုံးဖွဲ့ပြီး စစ်ဆေး အရေးယူကြောင်း ၎င်းကရှင်းပြသည်။

လက်ရှိကာလတွင် ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်မှု အားနည်းခြင်း၊ တရားခံပြေးခြင်း၊ ခွင့်မဲ့ ပျက်ကွက်ခြင်းများနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုများ ရှိကြောင်း၊ ပြည်သူများ၏ တိုင်ကြား ချက်များကိုလည်း လက်ခံရရှိကြောင်း ၎င်းက ထုတ်ဖော် ပြောကြားသည်။
“တိုင်ကြားတဲ့သူက ဘယ်ကိစ္စနဲ့ ပတ်သက်လို့ ဘယ်ဌာနက ရဲအရာရှိကို ဘယ်လို အရေးယူထားလဲ ပြန်မေးလို့ ရပါတယ်” ဟု ရဲအုပ် ဦးစိုးထွန်းဝင်းက ဆိုသည်။

အထက်ပါ အရာရှိများ ကွင်းဆင်း စစ်ဆေးမည် ဆိုသော်လည်း ပြဿနာ မရှိနိုင်ကြောင်း လိုင်စင်မဲ့ အရက်ရောင်းချသူ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“အထက်က လာစစ်တော့မယ်ဆိုရင် သူတို့ (လိုင်းကြေး ယူထားသည့် ရဲတပ်ဖွဲ့ဝင်) က ကြိုပြောတယ်” ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်းရဲရုံး တပ်ကြပ်ကြီး တစ်ဦးကမူ ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှုနှင့် ပတ်သက်၍ ၎င်းတို့ ရုံးသို့ တိုင်ကြားမှုများ ရှိကြောင်း၊ အရေးယူ ဆောင်ရွက်မှုများလည်း ပြုလုပ်လျက်ရှိပြီး အသေးစိတ် အချက်အလက် များကိုမူ ပြောကြားနိုင်ခြင်း မရှိကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှုများကို စစ်ဆေးအရေးယူရန် ညွှန်ကြားထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းရန် ဖုန်းခေါ်ဆိုသော်လည်း ဖုန်းဖြေကြားခြင်း မရှိပေ။

The Voice Weekly

ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှု၊ လာဘ်စားမှုနှင့် တရားဥပဒေနှင့် မညီသော အပြုအမူများကို တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ -