မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများ စာရင်းတွင် ကော်မပါ၍ အရေးမယူနိုင်ဟုဆို

ပို့စ်တင်ချိန် - 11/07/2013 06:12:00 PM


မန္တလေး၊ နိုဝင်ဘာ ၆

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများ စာရင်းတွင် ကော်မပါ၍ ကော်ရှူခြင်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီး လွှတ်တော်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် ညောင်ဦးမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးက လူငယ်ထုအကြား ကော်ရှူခြင်း အန္တရာယ် ကင်းဝေးစေရန် မန္တလေးတိုင်း ဒေသကြီးက မည်ကဲ့သို့ ကြိုတင်စီစဉ် ဆောင်ရွက် ထားရှိသည်ကို သိရှိလိုသည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ယင်းသို့ ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း လူငယ်များ ကော်ရှူသည်ကို တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး မိဘများနှင့် ကော်ရှူ လူငယ်များကို အသိပညာပေး ဆောင်ရွက်မှုများ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးမြို့တော် အပါအဝင် မြို့ကြီး အချို့တွင် အသက် ၁၂ နှစ်မှ ၁၆ နှစ်အကြား လူငယ်များ ကော်ရှူခြင်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ ပျံ့နှံ့လာခဲ့ကြောင်း ယင်းကော်ရှူခြင်းမှ တစ်ဆင့် မူးယစ်ဆေးဝါး သုံးစွဲသည့် လမ်းကြောင်းပေါ်သို့ တွန်းပို့ ရောက်ရှိ သွားနိုင်ကြောင်း ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းကော်ပစ္စည်းများ ရောင်းချသော အိမ်ဆောက် ပစ္စည်းဆိုင်များ၊ ကုန်မာဆိုင်များ၊ ပိုက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင် များတွင် ကျောင်းသား၊ လူငယ်များ၊ လေလွင့် ကလေးငယ်များ ကော်ဘူးများ လာရောက် ဝယ်ယူပါက ရောင်းချခြင်း မပြုရန် ညွှန်ကြားထားကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက ထပ်မံပြောကြားသည်။

ယင်းကဲ့သို့ လူငယ်လူရွယ်များ လမ်းမှား မရောက်ရေး ဆောင်ရွက် ပေးရန်သည် လူတိုင်းတွင် တာဝန်ရှိကြောင်း မန္တလေးမြို့ ဒေသခံ ဆရာဝန်တစ်ဦးက ပြောကြားသည်။

The Voice Weekly