SEA Games ချင်းပြည်နယ်ကိုယ်စားပြု အကသမား တစ်ပတ်ကြာသည်အထိ ပြန်မတွေ့သေး

ပို့စ်တင်ချိန် - 11/07/2013 10:08:00 AM


ကလေး၊ နိုဝင်ဘာ ၅

အရှေ့တောင်အာရှ အားကစားပွဲတော်တွင် ပါဝင်မည့် ချင်းပြည်နယ် ကိုယ်စားပြု အကအဖွဲ့မှ ဦးဗျာဆွင်းမွောင် သည် အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ပြန်မတွေ့ သေးကြောင်း အဆိုပါ အကအဖွဲ့ ခေါင်းဆောင် ဦးမန်ရှင်းပေါင်က The Voice သို့ ပြောကြားသည်။
“ကျွန်တော်တို့နေတဲ့ ဝင်း အတွင်းနဲ့အပြင် ဘက်က ပုန်းခိုနေနိုင်၊ ရှိနေနိုင်တဲ့ ချုံပုတ်စတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀ လောက်နဲ့ ရှာဖွေပေးပါတယ်။ ဒါပေမဲ့ ခုထိ ပျောက်ဆုံးသူကို သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မတွေ့ရှိသေးပါဘူး၊ သူဘာဖြစ်နေတယ် ဆိုတာ ခုထိ မပြောနိုင်သေးပါဘူး” ဟု ၄င်းက ဆိုသည်။

အရှေ့တောင်အာရှ အားကစား ပွဲတော်တွင် ပြည်နယ်ကိုယ်စားပြု ပါဝင်ရန် အတွက် ချင်းပြည်နယ်၊ ဟားခါးမြို့မှ ထွက်ခွာလာစဉ် မန္တလေးတွင် တစ်ဦး ပျောက်ဆုံးပြီး နေပြည်တော်တွင် တစ်ဦး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ မန္တလေးတွင် ပျောက်ဆုံးခဲ့သော ဦးခင်ရှန်းမုန် ၂၅ နှစ်မှာ ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သော်လည်း နေပြည်တော်တွင် ပျောက်ဆုံးနေသော ဦးဗျာဆွင်းမွောင်(၂၃) နှစ်ကို ပြန်လည် မတွေ့ရှိသေးခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့နှင့် ကွပ်ကဲရေးရုံးများထံ အကြောင်း ကြားထားသော်လည်း ရဲစခန်းတွင် အမှု ဖွင့်လှစ်မထားကြောင်း ၄င်းကဆက် လက်ပြောကြားသည်။

ယင်းနှစ်ဦးသည် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ပြီး ပြန်လည်တွေ့ရှိသူ ဦးခင်ရှန်းမုန်မှာ စိတ်ကယောင်ချောက်ချား ဖြစ်နေပြီး ၄င်းကို အလုပ်တာဝန်မှ ရပ်ဆိုင်းရန် စီစဉ်နေသည်ဟု ယင်းဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အားကစားပြိုင်ပွဲတွင် ပါဝင်ရန် အတွက် အဆိုပါလူငယ်နှစ်ဦး ကိုယ်စား အစားထိုးနိုင်ရန် အဖွဲ့ခေါင်းဆောင်မှ ပြည်နယ်အစိုးရ တာဝန်ရှိသူများထံ တင်ပြသွားရန် စီစဉ်နေပြီး ယင်းပျောက်ဆုံးမှု နှင့်ပတ်သက်၍ ပျောက်ဆုံးခြင်း မရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုသည်။

မြတ် (ကလေး)