နေပြည်တော်ကောင်စီ နယ်မြေတွင် သုံးမည့် ထပ်တိုးတောင်းခံငွေ ထက်ဝက်လျှော့ချရန် လွှတ်တော်ဆုံးဖြတ်

ပို့စ်တင်ချိန် - 11/07/2013 09:54:00 AM


နေပြည်တော်၊ နိုဝင်ဘာ ၅

ပြည်ထောင်စုအစိုးရက ထပ်တိုး တောင်းခံထားသော နေပြည်တော်ကောင်စီ နယ်မြေအတွင်း စီမံကိန်းများတွင် သုံးစွဲမည့် တောင်းခံငွေကို ၅၀ ရာခိုင်နှုန်း ဖြတ်တောက်ပြီး အတည်ပြုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

၂၀၁၃-၁၄ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ထပ်မံ တောင်းခံငွေ များမှ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း တောင်းခံငွေ ၂၆၂၆၃ ဒသမ ၄၃၅ သန်း မှ ကျပ် ၁၃၀၉ ဒသမ ၅၈၀ သန်းသာ ခွင့်ပြုပေးရန် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းသို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရေနှင့် သန့်ရှင်းရေးလုပ်ငန်း အသုံးပြုရန် တောင်းခံသော ၁၁၅၃ ဒသမ ၇၈၂ သန်း၊ ဆည်နှင့် ရေစီးရေလာလုပ်ငန်း အသုံးပြုရန် ၁၂၈၄ ဒသမ ၉၈၄ သန်း နှင့် လျှပ်စစ်မီး လုပ်ငန်းများအတွက် အသုံးပြုရန် ၁၈၀ ဒသမ ၃၉၅ သန်း တို့ကို ၅၀ ရာခိုင်နှုန်းစီ လျှော့ချသုံးစွဲရန် အတည်ပြုခဲ့ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောဆိုသည်။

နေပြည်တော်ကောင်စီ၏ တောင်းခံရရှိငွေတွင် ရွှေကြာပင်ရပ်ကွက်နေ ပြည်သူများ သောက်သုံးနေသော ကိုယ်ပိုင် အဝီစိတွင်းများနှင့် လက်တူး ရေတွင်းများမှ ရေများသည် သံဓာတ်အား လွန်ကဲနေသောကြောင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကိုပါ ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယ မြို့တော်ဝန် ဦးသန်းကျော်ထူးက ပြောကြားသည်။

၂၀၁၃- ၁၄ ခုနှစ်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများ နောက်ထပ် တောင်းခံသော ဘဏ္ဍာငွေ စုစုပေါင်း ၁၄၇၁ ဒသမ ၄ ဘီလီယံမှ နေပြည်တော်ကောင်စီ၏ တောင်းခံငွေကိုသာ လျှော့ချပြီး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

The Voice Weekly