ငမိုးရိပ်ဆည်တွင် သားအမိ သုံးဦး ရေနစ် သေဆုံး

ပို့စ်တင်ချိန် - 11/07/2013 09:54:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၅

လှည်းကူးမြို့နယ် ဥတို အုပ်စု ငမိုးရိပ် ဆည်တွင် နိုဝင်ဘာလ ၃ရက်နေ့ ည ၈ နာရီခန့်က သားအမိ ငါးဦးသည် လျှော်လော တောစခန်းတွင် နေသူ သမီးကြီး အိမ်မှ ရေမိုင် တစ်မိုင်ခန့် ဝေးသည့် ကုလားကြီးလျှို တောစခန်းရှိ ၎င်းတို့ နေအိမ်သို့ လှေဖြင့် အပြန်တွင် လှေဝမ်းအတွင်း ရေဝင်သဖြင့် မိခင် အပါအဝင် ကလေးနှစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း ဖောင်ကြီး နယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ရေဝင်သဖြင့် လှေတွင်ပါသူ အားလုံး ရေနစ် သေဆုံးမည်ကို စိုးရိမ်ကာ မိခင် အပါအဝင် ကလေးနှစ်ဦး ရေထဲ ခုန်ချခဲ့ရာ သုံးဦးစလုံး ရေနစ် သေဆုံးခဲ့ကြောင်း ဖောင်ကြီး နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အသက် ၄၁ နှစ် အရွယ် ဒေါ်သီတာခင် နှင့်အတူ ၎င်း၏ သမီးများသည် သမီးကြီး အိမ်သို့ အလည်လာပြီး အပြန်တွင် လှေပေါ်တွင် မိခင်က လှော်ခတ်၍ သမီးလေးဦး လိုက်ပါလာခဲ့ကြောင်း၊ ယင်းနောက် လှေသည် လျှော်လော တောစခန်းနှင့် ပေ ၂၀ ခန့် အကွာ၌ ယိုစိမ့်ကာ လှေတွင်းသို့ ရေများ တဖြည်းဖြည်း ဝင်ရောက်လာသဖြင့် လှေတွင်ပါသူ အားလုံး ရေနစ် နစ်မြုပ်မည် စိုးရိမ်ကာ မိခင် အပါအဝင် ကလေးနှစ်ဦး ရေထဲ ခုန်ချရာမှ ရေနစ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

မိခင်နှင့်အတူ အသက် ကိုးနှစ်အရွယ် မဖြိုးသူဇာ၊ အသက် သုံးနှစ်အရွယ် မစမ်းသီတာဖြိုးတို့ ရေနစ် သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို နိုဝင်ဘာလ ၄ရက် နေ့ ညနေ ၃ နာရီတွင် ဆယ်ယူ နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲစခန်းထံမှ သိရှိရသည်။

လှေပေါ်တွင် ကျန်ရစ်သူ အသက် ၁၇ နှစ်အရွယ် သမီးကြီး မခင်သူဇာ၊ အသက် ငါးနှစ်အရွယ် မသိမ့်သူဇာဖြိုးတို့မှာ လှေထဲမှ အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် အနီးနားတွင် နေသူများက လာရောက် ကူညီခဲ့ရာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

ငမိုးရိပ်ဆည်တွင် တောစခန်း မြောက်မြားစွာရှိပြီး အများစုမှာ လူနေထိုင်ကာ စခန်းတစ်ခုနှင့်တစ်ခု သွားလာပါက လှေဖြင့် သွားလာရသောကြောင့် လှေကို ဂရုတစိုက် စစ်ဆေးသင့်ကြောင်း ဖောင်ကြီး နယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သူ ဒေါ်သီတာခင်မှာ လှေကို ဂရုမစိုက်ဘဲ မဆင်မခြင် လှော်ခတ်မှုဖြင့် ဖောင်ကြီးနယ်မြေ ရဲစခန်းက (ပ) ၁၁၂/ ၁၃၊ ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားခြင်း ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly