ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုကို မူဂျာဟစ်ဒင်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အိန္ဒိယအမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဖော်ထုတ်

ပို့စ်တင်ချိန် - 11/07/2013 12:39:00 PM


ဗုဒ္ဓဂယာဝင်းအတွင်း ဇူလိုင် ၇ ရက်က ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်သည့် အသေးစိတ်ကို အိန္ဒိယ အမျိုးသားထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီဟု အိန္ဒိယနိုင်ငံ သတင်းစာ The Times of India ၏ ဖော်ပြချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ  Ranchi မြို့က သိမ်းယူရရှိခဲ့သည့် အထောက်အထား စာရွက်စာတမ်းများအရ ဗုဒ္ဓဂယာတွင် ထောင်ခဲ့သည့် ဗုံး ၁၃ လုံး၏ အသေးစိတ် အချက်အလက်များ၊ အဆိုပါ ဗုံးများကို ထောင်ခဲ့သူများ အစရှိသည့် ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ်သည့် အသေးစိတ် အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အဖွဲ့သည် Ranchi မြို့ရှိ Hindpidih ဧရိယာကို တနင်္လာနေ့က စီးနင်းရှာဖွေရာမှ ဗုံး ၂၇ လုံး သိမ်းဆည်း ရမိခဲ့သည့်အပြင် ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုများတွင် ဗုံးထောင်ခဲ့သူများကို ဖော်ပြထားသည့် ဇယားတစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အထောက်အထားအရ ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုများကို ကြံစည် ပြုလုပ်ခဲ့သူများမှာ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့မှ Tehsin Akhtar နှင့် Haidar Ali တို့ဖြစ်ကြပြီး ၎င်းတို့မှာ အောက်တိုဘာ ၂၇ ရက်၌ ဖြစ်ပွားခဲ့သည့် ပတ္တနား ဗုံးဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူများပင် ဖြစ်သည်။

နာမည်စာရင်းထဲတွင် Imtiaz Ansari  ဆိုသူလည်း ပါဝင်ပြီး ၎င်းကို ပတ္တနား ဗုံးပေါက်ကွဲမှုအပြီးတွင် ဖမ်းဆီးရမိခဲ့ပြီ ဖြစ်သည်။ Ansari က ၎င်းအနေဖြင့် ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုတွင် ပါဝင်မှု မရှိကြောင်း ငြင်းဆိုထားပြီး ၎င်းဗုံးဖောက်ခွဲမှုများသည် Tehsin Akhtar က ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စာရင်းထဲတွင် ဖော်ပြထားရာတွင်မူ Imtiaz သည် ဗုဒ္ဓဂယာဝင်းအတွင်းရှိ ထိုင်းဘုရားကျောင်းအနီး ဗုံးထောင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု ဆိုထားပြီး သူ၏အဖော်ဖြစ်သူ Ainul alias Tarique က Targhar ဘုရားကျောင်းအနီးတွင် ထောင်ခဲ့သည်ဟု ဆိုသည်။ ၎င်းမှာမူ ပတ္တနားတွင် ဗုံးထောင်ရင်း ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

တနင်္လာနေ့ စီးနင်းမှု၌ ဟိုတယ်အခန်းအတွင်း နေထိုင်ရင်း ဖမ်းဆီးရမိခဲ့သူ Mujib သည် ဗုဒ္ဓဂယာဝင်းအတွင်း လေးနေရာ၌ ဗုံးထောင်ခဲ့သူ တစ်ဦးဖြစ်သည်။

စီးနင်းရှာဖွေမှုများနှင့် ပတ်သက်၍ အကြီးတန်း အရာရှိတစ်ဦးက "Imtiaz က ကျွန်တော်တို့ ထောက်လှမ်းရေးအဖွဲ့ကို ဖုံးကွယ်ထားတာတွေ အများကြီး ရှိပါသေးတယ်။ ရှာဖွေ တွေ့ရှိချက်တွေအရ ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုကို ဖြေရှင်းနိုင်ခဲ့ပါပြီ။ အခု သက်သေခံ အထောက်အထား စုဆောင်းရေး  ပြုလုပ်နေပါတယ်။ သူ့ကိုဆက်ပြီး စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်သွားမှာပါ"ဟု ပြောကြားသည်။
Eleven Media Group