ညီညွတ်မှုနှင့် တရားမျှတသော ယှဉ်ပြိုင်မှု (Unity and Fair Competition)

ပို့စ်တင်ချိန် - 11/07/2013 02:36:00 PM


ညီညွတ်မှု (Unity) မရှိသော နိုင်ငံ (သို့) အဖွဲ့အစည်းသည် ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သလို၊ တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) မရှိသော (ကင်းမဲ့သော)နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း သည်လည်း ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပေ။

ယနေ့ဖွံ့ ဖြိုးပြီးနိုင်ငံများကို လေ့လာလျှင် ယင်းနိုင်ငံတို့သည် ညီညွတ်မှု သို့မဟုတ် တရားမျှတသော ယှဉ်ပြိုင်မှုရှိကြသည် (အားကောင်းကြသည်)ကို လေ့လာတွေ့ရှိနိုင်သည်။ ယင်းအချက် နှစ်ချက်လုံး မရှိသောနိုင်ငံ များမှာမူ ဆင်းရဲမွဲတေမှု ပြဿနာ သို့မဟုတ် ပြည်တွင်းစစ်များဖြင့် ရင်ဆိုင် နေကြရသည် ဆိုသည်ကို မျက်ဝါးထင်ထင်တွေ့ မြင်နိုင်သည်။

အဘယ်ကြောင့် ညီညွတ်မှု သို့မဟုတ် တရားမျှတသော ယှဉ်ပြိုင်မှု သို့မဟုတ် ယင်းအချက်နှစ်ခုရှိရန် လိုအပ်သနည်း ဆိုသည်နှင့် ယင်းတို့သည် ဆင်းရဲမွဲတေမှု ပြဿနာကို အဘယ်ကြောင့် ဖြစ်တည်စေသနည်း ဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

အာဏာခွဲဝေမှု မညီမျှမှုနှင့် ဓနဥစ္စာ ခွဲဝေမှုမညီမျှမှုတို့မှ ဆက်စပ်ဆင့်ကဲ ဖြစ်ပေါ်လာလေ့ရှိသော လူမှုရေးပဋိပက္ခများနှင့် စီးပွားရေး ပဋိပက္ခများမှ တစ်ဆင့် နိုင်ငံရေးပဋိပက္ခများနှင့် စစ်ရေးပဋိပက္ခများ အဖြစ်သို့ ကူးပြောင်း သွားတတ်လေ့ရှိသည် ဆိုသည်ကို တွေ့ရပေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ သည်လည်း ညီညွတ်မှု (Unity) နှင့် တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) ရှိရန် လိုအပ်ပေမည်။ ထိုသို့သော အခြေအနေများကို စနစ်တကျ ပြုစုပျိုးထောင်ပေးနိုင်လျှင် အဘက်ဘက်တွင် တိုးတက်မှုများ ရရှိလာမည်ဟု ထင်မြင်မိသည်။

နှစ်ပေါင်းများစွာ အမိန့်ပေး စီမံကွပ်ကဲ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့သော်လည်း (တစ်နည်းအားဖြင့် စက်မှုထူထောင်ရေး မူဝါဒများ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ အစရှိသည်တို့ကို) မြန်မာနိုင်ငံသည် ယနေ့တိုင် ပြည်ပအမှီအခိုကို ရယူနေရဆဲ ဆင်းရဲသောနိုင်ငံ အဆင့်တွင်သာ ရှိနေသေးသည် ဆိုသည်က ယခင်က ကျင့်သုံးခဲ့သော စီမံအုပ်ချုပ်မှုများနှင့် မူဝါဒများသည် အားနည်းချက်များ ရှိနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင် အဘက်ဘက်တွင် ချည့်နဲ့ယိမ်းယိုင်လာကာ အမျိုးသားလုံခြုံရေး (National Security) တွင်ပင် ထိခိုက်လာသည်ကို တွေ့ရပြီး “ဆန်ကောထဲ ထည့်လှိမ့်ခံရသော ဆီးဖြူးသီး” သဖွယ် ဖြစ်လာနေသည် ကိုလည်း သတိပြုမိသည်။

မိမိနိုင်ငံသားတို့ အကြားတွင် သပ်ရှိုသွေးခွဲခြင်း၊ မိမိတို့၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင် လုပ်ဆောင်ခြင်း၊ မလိုလားအပ်သော ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာစေရန် ဖန်တီးခြင်းကို အခြေပြုပြီး မိမိ၏အကျိုးစီးပွားကို ဖန်တီးယူလာမှု များကိုလည်း တွေ့မြင်လာရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများ မြန်မာလူမျိုး များသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကြိုတင်တွေးဆ မြင်ကြည့်နိုင်ရန် အတွက် နိုင်ငံရေးအမြင် ရှိရန် လိုအပ်လာပေသည်။ တစ်နည်းဆိုသော် “ဆန်ကောထဲ ထည့်လှိမ့်ခံရသော ဆီးဖြူသီး” ကဲ့သို့ မဖြစ်စေရန်ဖြစ်သည်။

ယနေ့ ကမ္ဘာ့နိုင်ငံများတွင် တရားမျှတသော ပြိုင်ဆိုင်မှု (Fair Competition) မရှိသောကြောင့် ပြည်တွင်းပဋိပက္ခ များကို ကြုံတွေ့နေရ သည်။ ပြည်တွင်းပဋိပက္ခများ ကြီးထွားလာ သောအခါ နောက်ဆုံးတွင် အမုန်းတရားများနှင့် သံသယများကို ဆင့်ကဲဆင့်ကဲ ဖြစ်တည်လာစေသည် ကိုလည်း တွေ့ရသည်။

ယင်းသို့သော အခြေအနေသို့ ရောက်သွားလျှင် ရှုပ်ထွေးသော (ဖြေရှင်းရန် ခက်ခဲသော) အခြေအနေသို့ ကူးစက်သွားတတ်ပြီး တိုင်းပြည်သည် နောက်ဆုံးတွင် လွတ်လပ်ရေးဆုံးရှုံးခြင်း သို့မဟုတ် ပြည်ပနိုင်ငံတစ်ခု၏ လက်ဝေခံသြဇာခံ နိုင်ငံတစ်ခုအဖြစ်သို့ အလိုအလျောက် လုံးလုံးလျားလျား သက်ရောက်သွားခြင်းကို ကြုံတွေ့ရနိုင်သည် ဆိုသည်ကို သတိမူရပေမည်။
တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) မရှိလျှင် ရေရှည် တည်ငြိမ်မှု (Longterm Stability) နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Longterm Development) တို့သည် (မလိုလားအပ်သော အင်အားတို့ ကို အသုံးပြုရသောကြောင့်) ခက်ခဲလေ့ရှိသည်။

မိမိနိုင်ငံထက် သာလွန်သွားသော နိုင်ငံများကို မရမက အမီလိုက်မည် ဟူသော မျိုးချစ်စိတ် သည်လည်း ညီညွတ်မှုနှင့် တရားမျှတသော ယှဉ်ပြိုင်မှု အပေါ်တွင် များစွာ အပြန်အလှန် မူတည်နေလေ့ရှိပါသည်။

ယနေ့ဆိုလျှင် မြန်မာနိုင်ငံသည် ညီညွတ်မှုနှင့် တရားမျှတသော ယှဉ်ပြိုင်မှု နှစ်ရပ်စလုံးကို ဘက်စုံထောင့်စုံမှ ဝိုင်းဝန်း တည်ဆောက်နေကြချိန်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတများ အပါအဝင် နိုင်ငံသားများ အပေါ် မတရား အမြတ်ထုတ်လိုသော ပြည်ပနိုင်ငံကြီး အချို့၏ ခြေလှမ်းများ (ခပ်စိပ်စိပ်) ကို အထူးသတိပြုပြီး ခဲတစ်လုံးဖြင့် ငှက်ပေါင်းများစွာ အပစ်ခံရသည့် အဖြစ်မျိုး မဖြစ်စေရန် ကြိုတင် ကာကွယ်ရပေလိမ့် မည်။

၂၀၁၅ ရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အနာဂတ်ဘဝများနှင့် ဆန္ဒများကို ပြောင်းလဲပေးမည့် ရွေးကောက်ပွဲကြီး ဖြစ်လာပေနိုင်သည်။

ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)