မွန်ပြည်နယ် ဇင်းကျိုက်ရွာရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်သားတစ်ဦးက သေနတ်ဖြင့်ချိန်၍ လုယက်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 11/07/2013 12:40:00 PM


နိုဝင်ဘာ ၆ ရက် ညနေပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ရွာရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဗိုလ်ကြီးအဆင့်ရှိသူ တပ်မတော်သားတစ်ဦးက သေနတ်ဖြင့်ချိန်ပြီး လုယက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့နယ် ရဲစခန်းမှ The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၆ ရက် ညပိုင်းက အတည်ပြု ပြောကြားသည်။

ပေါင်မြို့နယ်ရဲစခန်းမှ ညပိုင်းတာဝန်ကျ တာဝန်မှူးတစ်ဦးက "ဒီဖြစ်စဉ်က ဟုတ်ပါတယ်။ ကျူးလွန်တဲ့သူက သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်ကြီး အောင်ခန့်မင်းဆိုသူ ဖြစ်ပါတယ်။ လက်ရှိ သူ့ကို မူရင်းတပ်ကို ပြန်လွှဲပေးလိုက်ပါပြီ" ဟု နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခန့်က ဖြေကြားသည်။

နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီ ၂၅  မိနစ်ခန့်တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာ၊ ၉ ရပ်ကွက် (ရန်ကုန်-မော်လမြိုင်)ကားလမ်းမဘေးရှိ ဦးတင်မြင့်ရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် ရောက်လာသည့် အဆိုပါ တပ်မတော်သားက ရွှေဆိုင်အတွင်းသို့ ၀င်ကာ သေနတ်ဖြင့် ချိန်ခဲ့ပြီး မှန်သေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများကို ၎င်းနှင့်ပါလာသည့် ကျောပိုးအိတ်အတွင်းသို့ ထည့်ရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ပြောဆိုနေစဉ် ရွှေဆိုင်အနီးတွင် ရှိနေသည့် ကိုဌေးမင်း (ပြည်သူ့စစ်) နှင့် အဖော်နှစ်ဦးက ၎င်းအား ၀ိုင်းဝန်းလုံးထွေး ဖမ်းဆီးကာ ဇင်းကျိုက်ရဲစခန်းသို့ ပို့ဆောင်အပ်နှံခဲ့ပြီး ထိုမှတစ်ဆင့် ပေါင်မြို့နယ်ရဲစခန်းသို့ပို့ ဆောင်ခဲ့ကာ ၎င်းထံမှ ၉ မမပစ္စတိုတစ်လက်၊ ကျည်ကိုးတောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို ပေါင်မြို့နယ်ရဲစခန်း က (ပ)၁၁၁/၂၀၁၃၊ ပြစ်မှု ပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ယင်းနေ့ညပိုင်းကပင် အဆိုပါ တပ်မတော်သားအား မူရင်းတပ်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Eleven Media Group