၁၁ လ အတွင်း ဖော်ထုတ်နိုင်သော လူကုန်ကူးမှုများတွင် ကလေးသူငယ်လူကုန်ကူးခံရသူ ၅၈ ဦး ပါဝင်

ပို့စ်တင်ချိန် - 12/16/2013 01:51:00 PM


ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်အထိ လူကုန်ကူးခံရသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၄၄ ဦး ရှိသည့်အနက် အ ရွယ်မရောက်သေးသူ ကလေးသူငယ် ၅၈ ဦး ပါဝင်ကြောင်း ကလေးသူငယ် လူကုန်ကူးမှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်)မှ ရဲမှူးဒေါ်အေးအေးမြင့်က ပြောသည်။

လူကုန်ကူးခံရသည့် အရွယ်မရောက်သေးသူ ကလေးသူငယ် ၅၈ ဦး အနက် အသက်(၁၆)နှစ် အောက် ကလေးသူငယ် ၃၃ ဦး နှင့် အသက် (၁၈)နှစ်အောက် လူငယ် ၂၅ ဦး တို့ပါဝင်သည်။ ယခုနှစ် ဇန်န၀ါရီမှ နိုဝင်ဘာလအထိ လူကုန်ကူးခံရသည့် ကလေး၊ လူကြီး စုပေါင်းပမာဏသည်၂၀၁၂ ခုနှစ်တွင် လူကုန်ကူးခံရသည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ၁၅ ယောက်ခန့် လျော့နည်းနေသည်။
““ကလေးသူငယ်လူကုန်ကူးမှု ပပျောက်ဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်း လက်တွဲဆောင်ရွက်ဖို့ လိုပါတယ်”” ဟု မြန်မာနိုင်ငံ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးကွန်ရက်မှ Adovacy Officer ဦးအောင်ဇော်ထွေးက ပြောသည်။

ကလေးသူငယ်လူကုန်ကူးမှုသည် မြန်မာနိုင်ငံတွင်သာမက အာဆီယံနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား စသောနိုင်ငံများနှင့် ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ကလေးသူငယ်လူကုန်ကူးမှု ပပျောက်ရေးအတွက် အစိုးရတစ်ခုတည်းဖြင့် လုပ်ဆောင်ရန် မလုံလောက်သောကြောင့် အရပ်ဘက်အဖွဲ့အစည်းနှင့် သတင်းပေးသည့် ပြည်သူလူထုကိုပါ ပါဝင်ရန် တိုက်တွန်းကြောင်း ဦးအောင်ဇော်ထွေးက ထပ်မံပြောသည်။
““ကလေးသူငယ်တွေကိုသာမက လူတွေကိုပါ လူကုန်ကူးတယ်ဆိုရင် ၂၀၀၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအတိုင်း အရေးယူပါတယ်။ ဒီပြစ်မှုထက် ပြစ်ဒဏ်ကြီးတဲ့အမှုတွေကို အရေးယူမယ်ဆိုရင်တော့ လူကုန်ကူးမှု  တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်ယူဖို့ လိုအပ်ပါတယ်။ သာမန်အမှုလိုမျိုး ရဲစခန်းမှာ ဆောင်ရွက်လို့မရပါဘူး”” ဟု ရဲမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ အထိ အရေးယူနိုင်သည်။ ပြစ်မှုကျူးလွန်ရာတွင် လူသုံးဦးထက်ပိုပြီး အုပ်စုဖွဲ့ ကျူးလွန်ပါက ဥပဒေပုဒ်မ (၂၈-က)အရ ပြစ်ဒဏ်နှစ်ဆ တိုးမည်ဖြစ်ပြီး အနှစ် ၂၀ ကစ၍ ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။ကလေးသူငယ်များအား လူ ကုန်ကူးပါက ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှု တား ဆီးကာကွယ်ရေးဥပဒေပုဒ်မ (၃-က) အရ အင်အားသုံးသည်ဖြစ်စေ၊ လိမ်လည်သည့်နည်းဖြစ်စေ၊ အကျပ်ကိုင်သည့်နည်းလမ်းများဖြင့် ကိုက်ညီသည့်ဖြစ်စေ၊ မကိုက်ညီသည့်ဖြစ်စေ၊ မည်သည့်နေရာတွင် အလုပ်ခိုင်းသည်ဖြစ်စေ၊ ဘယ်လိုအခြေအနေများရှိသည်ကိုဖြစ်စေ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အသက်(၁၆)နှစ်အောက် ကလေးများအပေါ် ခေါင်းပုံဖြတ်သည့်အချက်ဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနှင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု သတင်းရရှိသည်။

7 Day Daily