စင်ကာပူတွင် အဓိကရုဏ်း ဖြစ်ပွားပြီးနောက် အရက်ရောင်းချခွင့် တားမြစ်မိန့် ထုတ်ပြန်

ပို့စ်တင်ချိန် - 12/16/2013 07:45:00 AM


Saturday, 14 December 2013

စင်ကာပူနိုင်ငံရှိ Little India ခရိုင်တွင် လွန်ခဲ့သည့် သီတင်းပတ် အကုန်က အဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါ ခရိုင်အတွင်း အရက်ရောင်းချခြင်းနှင့် သောက်သုံးခြင်းများကို ယခုသီတင်းပတ် အကုန်တွင် တားမြစ် ပိတ်ပင် သွားမည့် အမိန့်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၎င်းတားမြစ်မိန့်သည် အိန္ဒိယစီးပွားရေး လုပ်ငန်းအများအပြား တည်ရှိရာ Little India ခရိုင်ရှိ ဆီရမ်ဂွန်လမ်း၏ အနီး တစ်ဝိုက်တွင် အကျုံးဝင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး အက်စ်အစ်ဝရန်က ပြောကြားထား သည်။ စင်ကာပူနိုင်ငံ Little India ခရိုင်တွင် အိန္ဒိယနိုင်ငံသား တစ်ဦးသည် ဘတ်စကားတစ်စီး၏ ဝင်တိုက် မှုကြောင့် သေဆုံးခဲ့ပြီး အဆိုပါအမှုနှင့် စပ်လျဉ်း၍ ၎င်းဒေသတွင် လူရာပေါင်းများစွာ ပါဝင်သော အဓိက ရုဏ်းကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဘတ်စကား တိုက်မှုဖြစ်ပွားပြီးနောက် မည်သည့်အတွက်ကြောင့် အဓိကရုဏ်း ဖြစ်ပေါ်ခဲ့ရသည်ဆိုသော အကြောင်းရင်းကို အတိအကျဖော်ပြရန် အချိန်စောနေ သေးသော်လည်း အဓိကရုဏ်း ဖြစ်ပွားရသည့် အကြောင်း ရင်းမှာ အရက်သောက်သုံးခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ The Straits Times သတင်းစာတွင် ဖော်ပြထားသည်။

မြ၀တီ