လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ အတွက် မေးခွန်းတစ်ခု . . .၊ ၀န်ကြီးဌာန ၁၉ ခု၊ ကြွေးကျန်ငွေ ကျပ် ၁၁၂၅ ဘီလျံကျော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ငွေကြေးအရှုပ်အရှင်းကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲ

ပို့စ်တင်ချိန် - 12/16/2013 10:01:00 AM

ရန်ကုန်မြို့ရှိ တရားရုံးတစ်ရုံးတွင် လာဘ်ငွေပေးရန် မလိုကြောင်း အသိပေးစာ ထုတ်ပြန်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တစ်ရပ်ကို တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာသည် ပြီးခဲ့သည့် မတ်လက ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် အစီရင်ခံစာအပြီး ဒုတိယမြောက် ထွက်ပေါ်လာသည့် အစီရင်ခံစာ ဖြစ်သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်၏ မတ်လအစီရင်ခံစာတွင် ၀န်ကြီးဌာန ခြောက်ခု၏ ဘဏ္ဍာငွေ အလွဲသုံးစား ပြုလုပ်မှုများကို ဖော်ပြခဲ့သည်။ ထိုအချိန်က ဘဏ္ဍာငွေ အလွဲသုံးစား ပြုလုပ်သည်ဟု သတ်မှတ်ခြင်း ခံခဲ့ရသည့် ၀န်ကြီးဌာနများမှာ ပြန်ကြားရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနတို့ ဖြစ်ကြသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမခြောက်လ၊ နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များ အရေးယူ ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအပေါ် စိစစ်တင်ပြခြင်း အစီရင်ခံစာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ၀န်ကြီးဌာန တစ်ခုချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးဖြစ်သည့် ကြွေးကျန်များအပြင် ထပ်မံစစ်ဆေး တွေ့ရှိသည့် ကြွေးကျန်များ၊ ၂၀၁၂-၂၀၁၃ ခုနှစ်နှစ် ပထမခြောက်လပတ် ၀န်ကြီးဌာန ခုနှစ်ခု၏ ကြွေးကျန်စာရင်း၊ ၀န်ကြီးဌာနများမှ နိုင်ငံတော်သို့ ပေးသွင်းရန် ယခင်နှစ် အဆက်ဆက် ဖြစ်ပေါ်ခဲ့သော ကြွေးကျန်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာများအလိုက် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် အောက်တိုဘာ နောက်ဆုံးပတ်အထိ စုစုပေါင်း ကြွေးကျန်စာရင်း အစရှိသည်တို့ကို အသေးစိတ် ဖော်ပြခဲ့သည်။

နိုဝင်ဘာ အစီရင်ခံစာ၏ ဖော်ပြချက်

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ နိုဝင်ဘာ အစီရင်ခံစာ ဖော်ပြချက်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှု အတိုင်းအတာ နယ်ပယ်ကို ဖော်ပြခဲ့သည့်အပြင် ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက်များမှ ၂၀၁၃ ခုနှစ် သြဂုတ် ၂၀ ရက်အထိ ဆက်လက်ပေးသွင်းရန် အရေးယူ ဆောင်ရွက်မှု ပြီးပြတ်ရန် ကျန်ရှိနေသော ၀န်ကြီးဌာန ခြောက်ခုကို ထပ်မံဖော်ပြခဲ့သည်။

ထိုဖော်ပြချက်အရ ပြန်ကြားရေး ၀န်ကြီးဌာနက ကျပ်ငွေ ၁၁၇ ဒသမ ၇၀၁ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန (ယခု မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန) က ကျပ်ငွေ ၂၈၅၀၈ ဒသမ ၈၂၀ သန်း၊  စက်မှုဝန်ကြီးဌာနက ကျပ်ငွေ ၄၂ ဒသမ ၉၉၁ သန်း၊ ကျန်းမာရေး ၀န်ကြီးဌာနက ကျပ်ငွေ ၂၅ ဒသမ ၇၃၀ သန်း၊ သတ္တုတွင်း ၀န်ကြီးဌာနက ကျပ်ငွေ ၂၈၂ ဒသမ ၈၆၇ သန်းနှင့် ရွှေစင် ၃၁၇၈၁ ဒသမ ၆၉ ကျပ်သား၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၉၄ သန်းကို ပေးသွင်းရန် ရှိနေကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ထပ်မံစစ်ဆေး တွေ့ရှိချက်တွင် ၀န်ကြီးဌာန ၁၂ ခုမှ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ကြွေးကျန်ဖြစ်ပေါ်ခဲ့သည့်အနက် အချို့ပေးသွင်းပြီးနောက် ဆက်လက်ပေးသွင်းရန် ကျန်ရှိနေသည့် ၀န်ကြီးဌာန လေးခုမှာ ထပ်မံပေါ်ပေါက် လာခဲ့သည်။

နိုင်ငံ့ဘဏ္ဍာငွေ ဒီနှစ်အတွက် ဘယ်ပြည်နယ် ဘယ်တိုင်းအတွက် ဘယ်လောက်ဆိုပြီး ချပေးလိုက်ပါတယ်။ ချပေးတဲ့အခါ ဌာနစရိတ်ဆိုပြီး တချို့ကလည်း ၁၀ ရာခိုင်နှုန်း ယူလိုက်ပါတယ်။ ၁၀ ရာခိုင်နှုန်းအပြင် နောက်ထပ် ၁၀ ရာခိုင်နှုန်းကို ခေါင်းစဉ်မဖော်ဘဲ ထပ်ယူပါတယ်။ အဆင့်ဆင့်ဖြတ်ပြီး တဲ့အခါမှာ အောက်ခြေကို ရောက်တဲ့အခါ ရာခိုင်နှုန်း ၄၀ ပဲ ရောက်ပါတယ် . . . . .

ထပ်မံစစ်ဆေး တွေ့ရှိချက်အရ ကြွေးကျန်ပေးသွင်းရန် ကျန်ရှိနေသော ၀န်ကြီးဌာန လေးခုတွင် ပြန်ကြားရေး ၀န်ကြီးဌာနက ငွေကျပ် ၃၀၀ ဒသမ ၉၄၃ သန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက ကျပ် ၁ ဒသမ ၇၃၁ သန်း၊ ပညာရေး ၀န်ကြီးဌာနက ကျပ်ငွေ ၆ ဒသမ ၄၅၂ သန်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ကျပ်ငွေ ၂ ဒသမ ၃၀၈ သန်းတို့ ဖြစ်ကြသည်။

ပိုများလာတဲ့ ကြွေးကျန်

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်အတွက် နိုင်ငံတော် အရအသုံး စာရင်းများကို စစ်ဆေးရာ၌ ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခုနှင့် စည်ပင်သာယာရေး ကော်မတီ/ အဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ငွေများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြသည်။ ထိုအဖွဲ့အစည်းများအနက် အချို့မှာ ပေးသွင်းခဲ့ပြီး ပေးသွင်းရန် ကျန်ရှိနေသော ၀န်ကြီးဌာန ခုနစ်ခု ထပ်မံပေါ်ထွက် လာခဲ့သည်။ ထိုဝန်ကြီးဌာန ခုနစ်ခုအနက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက ငွေကျပ်  ၉၀ ဒသမ ၄၁၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက ငွေကျပ် ၂၉၆ ဒသမ ၉၆၆ သန်း၊ စက်မှုဝန်ကြီးဌာနက ၂၈ ဒသမ ၈၂၅ သန်း၊ ပညာရေး ၀န်ကြီးဌာနက ၁၄၄ ဒသမ ၉၄၂ သန်း၊ ကျန်းမာရေး ၀န်ကြီးဌာနက ၇ ဒသမ ၃၀၈ သန်း၊ သတ္တုတွင်း ၀န်ကြီးဌာနက ၃၂၀ ဒသမ ၅၅၄ သန်းနှင့် ရွှေစင် ၈၂၁၆၆ ဒသမ ၄၄ ကျပ်သား၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ငွေကျပ် ၁၁ ဒသမ ၉၉၄ သန်းနှင့် သံချောင်း ၅ ဒသမ ၃၆၂ တန်တို့ ပေးသွင်းရန် ကျန်ရှိခဲ့သည်။

၎င်းအပြင် နှစ်အဆက်ဆက် ကြွေးကျန်စာရင်းအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာန ၁၆ ခုက နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိငွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာအထိ ကျပ်ငွေ ၁၃၆၈ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၃၂ သန်း၊ FEC ၀ ဒသမ ၀၇၄ သန်း၊ ဂျပန်ယန်းငွေ ၀ ဒသမ ၂၆၀ သန်း၊ ရင်းဂစ် ၀ ဒသမ ၀၀၂ သန်း၊ ယူရိုငွေ ၂ ဒသမ ၃၉၆ သန်း၊ ဒီဇယ်ဆီ ၁၄၄၆၈ ဂါလန် ရှိခဲ့သည်။ ထိုကြွေးကျန်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီး အချို့သော ၀န်ကြီးဌာနများ အနေဖြင့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်ခဲ့သည်။ အရေးယူဆောင်ရွက်မှု အချို့ကြောင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ ၀န်ကြီးဌာန ၁၅ ခု နှစ်အဆက်ဆက် ကျန်ရှိနေသော ကြွေးကျန်မှာ ကျပ်ငွေ ၁၀၉၄ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄၈၇ သန်း၊ FEC ၀ ဒသမ ၀၇၄ သန်း၊ ဂျပန်ယန်းငွေ ၀ ဒသမ ၂၆၀ သန်း၊ ရင်းဂစ် ၀ ဒသမ ၀၀၂ သန်း၊ ယူရိုငွေ ၂ ဒသမ ၃၉၆ သန်း ဆက်လက်ကျန်ရှိနေသည်။

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမပတ် ခြောက်လပတ်အထိ စစ်ဆေးတွေ့ရှိချက်များအရ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာန ၁၉ ခုက ပေးသွင်းရန် ကျန်ရှိနေသော ကြွေးကျန်စုစုပေါင်းမှာ ကျပ်ငွေ ၁၁၂၅ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်နှင့် ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား ဖြစ်သည်။

အရေးယူ ဆောင်ရွက်မှု

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ ၀န်ကြီးဌာန အဖွဲ့အစည်း ၂၆ ခုတွင် ဥပဒေ လုပ်ထုံးလုပ်နည်း၊ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများ၊ ၀န်ထမ်းစည်းမျဉ်းများနှင့် မညီညွတ်သော စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ခဲ့ကြောင်းနှင့် မည်သူတို့ကို အရေးယူ ဆောင်ရွက်ခဲ့ခြင်းကိုမူ သိသာထင်ရှားစွာ မတွေ့မြင်ခဲ့ရပေ။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ၀န်ကြီးဌာနအချို့ အနေဖြင့် မတ်လစစ်ဆေးတွေ့ရှိချက်များနှင့် ထပ်မံ စစ်ဆေး တွေ့ရှိချက်များကို စာရင်းရှင်းနိုင်ခြင်း မရှိသေးသည့်အပြင် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း စစ်ဆေးတွေ့ရှိချက်များကိုလည်း ဖြေရှင်းရန် တာဝန်ရှိနေသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှာမူ ပြည်ထောင်စု အစိုးရအဖွဲ့၏ နှစ်အဆက်ဆက် ကြွေးကျန်မှာ များပြားလွန်းသဖြင့် မည်ကဲ့သို့ လုပ်ဆောင်မည် ဆိုခြင်းကို ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်းရန် လိုမည်ဟု မှတ်ချက်ပေးခဲ့သည်။

ထို့ပြင် နောက်ထပ်ဘဏ္ဍာရေးနှစ်တစ်ခု စတင်ရန် အချိန်သုံးလခန့်သာ လိုတော့ချိန်၌ ပြည်ထောင်စု အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများ၏ ကြွေးကျန်ကို ဘဏ္ဍာရေးနှစ်သစ် မစတင်မီ မည်မျှအထိ ပေးသွင်းနိုင်မည် ဆိုသည်မှာ မရေရာသော အခြေအနေတွင် ရှိနေသည်။

ကြွေးကျန်များနှင့် အလွဲသုံးစားမှု ဆက်နွှယ်နေသလား

ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာနများ၏ ကြွေးကျန်ငွေနှင့် ၀န်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစား မည်မျှဆက်နွှယ်နေသည် ဆိုခြင်းကို မေးခွန်းထုတ်မှုများ ရှိနေသည်။

အချို့သော ၀န်ကြီးဌာနများကမူ ၎င်းတို့၏ ကြွေးကျန်များမှာ ငွေကြေးအလွဲသုံးစားမှုကြောင့် ပေါ်ပေါက်ခဲ့ရခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်း အမှားကြောင့် ပေါ်ပေါက်ခဲ့ရသည်ဟု ဆိုသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ၎င်းတို့ဝန်ကြီးဌာန၏ ကြွေးကျန်ငွေမှာ လုပ်ငန်းရှင်များမှ ငွေပြန်မဆပ်သောကြောင့် ဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားသည်။

"ကျွန်တော်တို့ အကြွေးတွေ ပြန်မရတော့ အရှုံးပေါ်တယ်။ နောက်ဒီလို အရှုံးပေါ်တဲ့ အစိုးရပိုင်တွေကို ပြည်သူပိုင် လုပ်ရမယ် လွှတ်တော်က တောင်းဆိုလာတယ်။ ဒီမှာ စာရင်းရှင်းဖို့တွေ ဖြစ်လာတယ်။ အကြွေးပြန်သိမ်းတာရယ်၊ စာရင်းရှင်းလင်း ဖျက်သိမ်းတာရယ် ပေါင်းလိုက်တော့ စာရင်းအမြန်ရှင်းပါဆိုပြီး လွှတ်တော်က တောင်းဆိုတယ်။ ခင်ဗျားတို့ ရအောင်မတောင်းနိုင်ရင် မတောင်းတဲ့ ၀န်ကြီးဌာနကို အရေးယူမယ်။ အဲဒီမှာ လွှတ်တော်က တစ်ရစ်ထပ်တိုးတယ်။ အလွဲသုံးစားတာ မဟုတ်ဘဲနဲ့ ပြန်မဆပ်နိုင်တဲ့ ကိစ္စတွေ ဖြစ်လာတာပေါ့" ဟု ဦးအုန်းမြင့်က ပြောကြားသည်။

ဦးအုန်းမြင့်က ထိုကဲ့သို့ ပြောကြားသော်လည်း လွှတ်တော်နှင့် အများပြည်သူအကြား ၀န်ကြီးဌာနများ၏ ရှင်းလင်းမှုသည် 'ထမင်းရေပူ လျှာလွှဲ' သဘောသာ ဖြစ်နေသည်ဆိုသော ဝေဖန်မှုများ ရှိနေသည်။

လက်ရှိအချိန်တွင် ကြွေးကျန်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဌာနတွင်း လက်သိပ်ထိုး ဖြေရှင်းမှုဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် ကြွေးကျန်ကိစ္စများတွင် အလွဲသုံးစား ပြုလုပ်မှု မည်မျှရှိနေသည် ဆိုသည်ကို မှန်းဆရန် ခက်ခဲနေသည်။ သို့ရာတွင် သီးခြားလွတ်လပ်သော စာရင်းစစ်အဖွဲ့များ ၀င်ရောက်စစ်ဆေးမည် ဆိုပါက ငွေကြေးအလွဲသုံးစား ပြုလုပ်မှုများ ပေါ်ပေါက်နိုင်ကြောင်း ပြောကြားမှုများ ရှိနေသည်။

"၀န်ကြီးဌာနတွေရဲ့ ကြွေးကျန်တွေ၊ ငွေအလွဲသုံးစား ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ လက်ခံနိုင်တဲ့ ဖြေရှင်းနည်းနဲ့သော် လည်းကောင်း၊ တိကျတဲ့ ဖြေရှင်းနည်းနဲ့သော် လည်းကောင်း ဖြေရှင်းတာ မဟုတ်ဘူး။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပြီးပါပြီဆိုတဲ့ အနေအထားမျိုး ရောက်ရုံလောက် လုပ်သွားတာကို တွေ့ရတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။


အခြားတစ်ဖက်တွင်လည်း အစိုးရ ၀န်ကြီးဌာနများအကြား အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ငွေကြေးအလွဲသုံးစား ပြုလုပ်မှုများက အမြစ်တွယ်နေဆဲ ဖြစ်ခြင်းကြောင့် ၀န်ကြီးဌာနများ၏ ကြွေးကျန်ငွေကိစ္စမှာ မေးခွန်းများစွာ ရှိနေဆဲဖြစ်သည်။

ခြစားမှုတွေကို ဘယ်လောက်အထိ အရေးယူထားလဲ


အစိုးရ ၀န်ကြီးဌာနများ၏ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ငွေကြေးအလွဲသုံးစား ပြုလုပ်မှုများကို အရေးယူနိုင်မည့် 'အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ' မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် အာဏာတည်ခဲ့ပြီ ဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ အဆိုပါ ဥပဒေမှာ ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၈ ရက်က ဖွဲ့စည်းထားသော 'လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ' ၏ လုပ်ဆောင်မှုများကိုလည်း သိသာထင်ရှားစွာ မမြင်ရသေးပေ။

ထိုကော်မတီ၌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ သမ္မတရုံးဝန်ကြီးဌာန (၂)  ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းတို့ ပါဝင်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံးက အဓိက ကြိုးကိုင်ခဲ့သော 'လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ' ၏ ဆောင်ရွက်မှုများမှာ ပွင့်လင်းမြင်သာမှု မရှိဘဲ ပြည်သူများကလည်း အားရမှု မရှိကြောင်း ပြောကြားခဲ့ကြသည်။

"အခုချိန်အထိ ကျွန်တော်တို့ပဲ မသိလို့လားတော့ မသိဘူးခင်ဗျ။ ပြည်သူကို ချပြတာတို့၊ သူတို့ဆောင် ရွက်နေ တာတို့ကို အခုချိန် အထိတော့ မတွေ့သေးဘူး။ ဒါမျိုးပဲ ရှိနေသေးတယ် ဆိုရင်တော့ ဆက်ပြီးတော့ မကြောက်မရွံ့နဲ့ လုပ်နေကြမလားလို့ ထင်တယ်ခင်ဗျ" ဟု ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ဦးအေးမောက်က ပြောကြားသည်။

ဝန်ကြီးဌာနတွေရဲ့ ကြွေးကျန်တွေ၊ ငွေအလွဲသုံးစား ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ လက်ခံနိုင်တဲ့ ဖြေရှင်းနည်းနဲ့သော် လည်းကောင်း၊ တိကျတဲ့ ဖြေရှင်းနည်းနဲ့သော် လည်းကောင်း ဖြေရှင်းတာ မဟုတ်ဘူး။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပြီးပါပြီဆိုတဲ့ အနေအထားမျိုး ရောက်ရုံလောက် လုပ်သွားတာကို တွေ့ရတယ် . . . . .

ဦးအေးမောက်သည် ဒီဇင်ဘာ ၁ ရက်ထုတ် Messenger သတင်းဂျာနယ် အင်တာဗျူးတွင် "နိုင်ငံတော်သမ္မတ လုပ်တာကို အကောင်အထည်ဖော်မယ့် လူတွေက ကျွန်တော့်အမြင် ပြောရရင် ဗြောင်ညာနေတဲ့ သဘောပဲ။ ဒါကြောင့် သမ္မတကြီးနားမှာ ရှိနေတဲ့ လူတွေက သမ္မတကြီးကိုတော့ မညာစေချင်ဘူး" ဟု ပြောကြားခဲ့သူ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် သြဂုတ် ၁၃ ရက်က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် လာဘ်ပေးလာဘ်ယူမှုများသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ထိထိရောက်ရောက် အပြစ်ပေးတားဆီးရန် လိုအပ်ကြောင်း ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နှင့် သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်စေရေးအတွက် သမ္မတရုံးဝန်ကြီး တစ်ဦးအား ကြီးကြပ်စေခဲ့ရာ အဂတိလိုက်စားသော နိုင်ငံ့ဝန်ထမ်းများအပေါ် အရေးယူပေးရန် တင်ပြတိုင်ကြားစာ ၁၁၉ စောင် လက်ခံစစ်ဆေးမှုအရ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်များအရ အရေးယူခံရသူ ၃၆၂ ဦး၊ ဌာနပြောင်းရွှေ့ခဲ့သူ ၆၉ ဦး၊ အငြိမ်းစားပေးခဲ့သူ ၁၈ ဦးနှင့် ထောင်ဒဏ်ချမှတ်ခံရသူ တစ်ဦးရှိခဲ့ကြောင်း ဆိုသည်။

ထိုအရေးယူမှု ပမာဏသည် ၀န်ကြီးဌာနများအတွင်း ဖြစ်ပေါ်နေသော ခြစားမှုများနှင့် နှိုင်းယှဉ်ပါက ထိရောက်သော အရေအတွက် မဟုတ်သည့်အပြင် ထိရောက်မှု မရှိသော အရေးယူမှုများ ဖြစ်သည်ဟုလည်း ရှုမြင်နေကြသည်။

နိုင်ငံ့ဝန်ထမ်းများ၏ အဂတိ လိုက်စားမှုအပေါ် အရေးယူခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်အား မေးမြန်းရာ သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ထံသို့ မေးမြန်းရန် လမ်းညွှန်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။


"တချို့ကျတော့ အသေးစား အရေးယူလိုက်ရတာ ရှိတယ်။ တချို့ကျတော့ ထုတ်ပယ်လိုက်ရတာ ရှိတယ်။ အရေးယူသင့် ယူထိုက်သူများကို အရေးယူရန် ရှိပါတယ်။ သို့သော်လည်း သူတို့မှားယွင်းတာတွေဟာ အလွဲသုံးစား လုပ်တာကြောင့် မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းကြောင့် မှားယွင်းတာ၊ ကြန့်ကြာအောင် ဆောင်ရွက်တဲ့အတွက် အလွဲသုံးစား လုပ်လို့ဆိုပြီး ထောင်ကျသွားတာ မရှိပါဘူး" ဟု ဦးအုန်းမြင့်က ပြောကြားသည်။

အငယ်ဆိုရင် Under Table အကြီးဆိုရင် Share Table
 

အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားပြုမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများမှာ ယဉ်ကျေးမှုသဖွယ် အမြစ်တွယ်နေဆဲ ဖြစ်သည်ဟု Weekly Eleven က တွေ့ဆုံခဲ့သော အစိုးရ၀န်ထမ်းများ၊ ဌာနဆိုင်ရာနှင့် ချိတ်ဆက်လုပ်ကိုင်နေရသူများက ပြောကြားသည်။ အချို့ဝန်ထမ်းများမှာမူ ၎င်းတို့ကိုယ်တိုင် လာဘ်ငွေယူသည်ဟု ၀န်ခံပြောကြားခဲ့ပြီး အထက်လူကြီးများ၏ လာဘ်ယူမှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

"အချို့ ၀န်ကြီးဌာနတွေမှာလည်း Under Table ပေါ့လေ။ အောက်ပိုင်းရာထူးတွေ အတွက်ကတော့ Under Table လို့ ခေါ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုက ရှိနေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့ အရေးယူမှုကလည်း အားနည်းနေတာကို ၀န်ကြီးဌာန အများစုမှာ တွေ့နေရပါတယ်။ အဲဒီလို အရေးယူမှု အားနည်းလို့ ရှိရင်တော့ဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိ လိုက်စားမှုတွေက ဆက်ပြီးအားကောင်းနေဦးမှာ ဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။ အထက်ပိုင်း လူကြီးတွေကျတော့ Under Table မဟုတ်တော့ပါဘူး။ ဘယ်လိုပြောရမလဲ။ Share Table လို့ ပြောရမလား မသိပါဘူး" ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။

ထို့အပြင် Bank Information Center (BIC) မှ မစ္စတာ ဂျဲလ်ဆန်ဂါစီယာ ပြောကြားသော အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကိစ္စမှာလည်း တစ်နေ့တွင် ပေါ်ထွက်လာမည့် အကြောင်းအရာ ဖြစ်သည်ဟု သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

"ပြောရမယ်ဆိုရင် ၁၁ ဘီလျံကိစ္စပေါ့။ ၁၁ ဘီလျံကိစ္စက ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီထက် မကပါဘူး။ နိုင်ငံတော် ဘဏ္ဍာငွေ မဟုတ်ပါဘူး။ Share Table ရထား တဲ့ Share ပေါ့လေ။ ဒါတွေက Share ရထားတာတွေ ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေမှာလေ။ ၁၁ ဘီလျံ မကပါဘူး။ နောင်တစ်ချိန်မှာ ဒါတွေက ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံက ဘယ်ဘဏ်တွေမှာ ထားလဲဆိုတာ အကြမ်းဖျင်းတော့ သိပါတယ်။ ပမာဏသာ မသိတာပါ။ ဒါတွေက တစ်ချိန်မှာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်" ဟု သူရဦးအောင်ကိုက ဆိုသည်။

ပြည်သူဆီရောက်တာ ရာခိုင်နှုန်း ၄၀

အစိုးရ ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများထံသို့ နိုင်ငံတော်က ဘတ်ဂျက်အပြည့်အ၀ သတ်မှတ်ပေးသော်လည်း အောက်ခြေပြည်သူလူထုထံ အမှန်တကယ် ရောက်ရှိသည့် ပမာဏမှာ ခွင့်ပြုပေးသော ဘတ်ဂျက်၏ ရာခိုင်နှုန်း ၄၀ ခန့်သာရှိကြောင်း သိရသည်။

"ပလိုင်းပေါက်နဲ့ ဖားကောက်နေခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ နိုင်ငံ့ဘဏ္ဍာငွေတွေက ၀န်ကြီးဌာန တစ်ခုပေါ့လေ။ နိုင်ငံ့ဘဏ္ဍာငွေ ဒီနှစ်အတွက် ဘယ်ပြည်နယ် ဘယ်တိုင်းအတွက် ဘယ်လောက်ဆိုပြီး ချပေးလိုက်ပါတယ်။ ချပေးတဲ့အခါ ဌာနစရိတ်ဆိုပြီး တချို့ကလည်း ၁၀ ရာခိုင်နှုန်း ယူလိုက်ပါတယ်။ ၁၀ ရာခိုင်နှုန်းအပြင် နောက်ထပ် ၁၀ ရာခိုင်နှုန်းကို ခေါင်းစဉ်မဖော်ဘဲ ထပ်ယူပါတယ်။ အဆင့်ဆင့်ဖြတ်ပြီး တဲ့အခါမှာ အောက်ခြေကို ရောက်တဲ့အခါ ရာခိုင်နှုန်း ၄၀ ပဲ ရောက်ပါတယ်။ ရာခိုင်နှုန်း ၆၀ ကတော့ အဆင့်ဆင့် ဖြတ်တောက်ပြီး တရားဝင်ရော၊ တရားမ၀င်ရော လေလွင့်ကုန်တာ များပါတယ်။ ဌာနတိုင်း လိုလိုပါပဲ။ အလေအလွင့်တွေ များနေပါတယ်" ဟု သူရဦးအောင်ကိုက ပြောကြားသည်။

"နယ်တွေမှာ ဖြစ်နေတာက တိုင်း/ဒေသကြီးအဖွဲ့က ငွေချပေးလိုက်တယ်။ ငွေချပေးလိုက်လို့ရှိရင် တချို့၊ တချို့နေရာတွေမှာ ကျွန်တော်တို့ကို လာပြောကြတာပေါ့။ ဘာသုံးသွားမှန်း မသိဘူး။ ဘယ်လိုသုံးသွားမှန်း မသိဘူး။ ငွေကတော့ ဘယ်လောက် ကုန်သွားပြီ။ ဘယ်လောက်ကျမှန်းလဲ မသိဘူး" ဟု ဦးအေးမောက်က ပြောကြားသည်။

ထို့ကြောင့် မည်သည့်နေရာတွင် မည်မျှသုံးသည်ဆိုခြင်းကို သိရှိနိုင်ရန် လွတ်လပ်သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းစစ်ဆေးသင့်သည်ဟု ဦးအေးမောက်က အကြံပြုသည်။

"ပြန်ပြီးတော့ ကောင်တာဖွဲ့ စစ်ဆေးတဲ့အဖွဲ့ မရှိဘူး။ သူ့ဌာန အတွင်းမှာသာ စစ်ဆေးတာသာရှိတော့ အပြင်အဖွဲ့အနေနဲ့ စစ်ဆေးသင့်တယ်။ ဘတ်ဂျက်ဆွဲတော့ မူဝါဒအပိုင်းမှာ ဒါလေးတွေ ဆောင်ရွက်ပေးပါဆိုပြီး ကျွန်တော်တင်ပြတယ်။ ဒါပေမဲ့ တက်မလာဘူးဗျ" ဟု ဦးအေးမောက်က ဆက်လက်ပြောကြားသည်။

အုပ်ချုပ်ရေးပိုင်းက ကာကွယ်ပေးနေသလား

အစိုးရ ၀န်ကြီးဌာနများ၌ ခြစားမှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေခြင်းကို လွှတ်တော်ပိုင်းက ဝေဖန်ထောက်ပြခြင်းများ ရှိသော်လည်း ထိရောက်စွာ အရေးယူမှုများ မရှိခြင်းမှာ အုပ်ချုပ်ရေးပိုင်းက ကာကွယ်ပေးနေသည့်သဘော သက်ရောက်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။

"တာဝန်ယူမှု တာဝန်ခံမှုက လေးစားဖို့ ကောင်းတယ်။ ဖြစ်သင့်တယ်။ ကိုယ့်တာဝန် ကိုယ်ယူသွားရတာမျိုးတွေ ရှိတယ်။ တချို့ကိစ္စတွေအတွက် ကျန်တဲ့လူတွေကို အရေးယူမယ်ဆိုရင် အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးပိုင်းတွေပါ ပါသွားမယ့်သဘော ရှိပါတယ်။ အဲဒါတွေကြောင့် တချို့ဟာတွေက ဖုံးဖုံးဖိဖိနဲ့ လုပ်သွားကြတာ ရှိတယ်လို့ သုံးသပ်ချင်ပါတယ်" ဟု ဦးခိုင်မောင်ရည်က ပြောကြားသည်။

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်အတွက် နိုင်ငံတော် အရအသုံး စာရင်းများကို စစ်ဆေးရာ၌ ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခုနှင့် စည်ပင်သာယာရေး ကော်မတီ/ အဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ငွေများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြသည်။ ထိုအဖွဲ့အစည်းများအနက် အချို့မှာ ပေးသွင်းခဲ့ပြီး ပေးသွင်းရန် ကျန်ရှိနေသော ၀န်ကြီးဌာန ခုနစ်ခု ထပ်မံပေါ်ထွက် လာခဲ့သည် . . . . .

"ပြန်ကြားရေးက သတင်းစာကိစ္စဆိုရင် အလွဲသုံးစားလုပ်တဲ့သူက ထောင်ထဲရောက်နေတယ်။ ထောင်အကျခံမယ်။ ဒီလိုကျပ်သန်းပေါင်းများစွာ အလွဲသုံးစားမှုက တစ်ယောက်နှစ်ယောက်တည်းနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ သေချာပေါ်အောင် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေနဲ့ စစ်မယ်ဆိုရင် တခြားအလွဲသုံးစားမှုတွေပါ ပေါ်လာမယ်။ အစိုးရ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညာနေသလို ဖြစ်နေတယ်။ အဲဒီအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ် အနေနဲ့လည်း ထဲထဲဝင်ဝင် စစ်ဆေးဖို့ လိုပါတယ်" ဟု ဦးခိုင်မောင်ရည်က ဆက်လက်ပြောကြားသည်။

လာဘ်ပေးလာဘ်ယူမှု အပိုင်းများတွင် အစိုးရ အုပ်ချုပ်ရေးပိုင်းက အကာအကွယ်ပေးမှုမှာ အထင်အရှား ဖြစ်နေကြောင်း ပြောကြားမှုများ ရှိနေသည်။

"အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်ကာကွယ်ပေးနေတာ ရှိကောင်းရှိနိုင်တယ်။ ဘာလို့လဲဆိုရင် အခုဟာက တအုံနွေးနွေးကြီးလို ဖြစ်နေတယ်။ အဲဒီကိစ္စတွေက။ ဘာမှ ပွင့်ပွင့်လင်းလင်းပေါ့လေ။ Do or Die ပေါ့လေ။ အဲဒါမျိုးလေးတွေတော့ သွားမတွေ့ရဘူး" ဟု ဦးအေးမောက်က ပြောကြားသည်။

လာမည့် လွှတ်တော်အစည်းအဝေးတွင် ၀န်ကြီးဌာန ၁၉ ခု၏ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် အချက်ကို တိုက်တွန်းမည့်အပြင် သုံးနှစ်တာ ကာလအတွင်း ၀န်ကြီးဌာနများ၏ လုပ်ဆောင်မှုကိုလည်း မေးမြန်းရန်ရှိကြောင်း သိရသည်။

"သူတို့တွေ ဖြေမလားတော့ မသိဘူး။ ၀န်ကြီးဌာနတွေ အားလုံးရဲ့ အရေးကြီးတဲ့ ဌာနတစ်ခုချင်း၊ ဒီဌာနတွေရဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း ဘယ်လောက်များ စွမ်းဆောင်လုပ်သလဲ။ ဘယ်လောက် အထိများ အတိုင်းအတာအထိ ဆောင်ရွက်ပေးခဲ့သလဲပေါ့လေ။ ပြည်သူတွေ လက်ခံလာအောင်။ ကျွန်တော်တို့က ခင်ဗျားတို့ လုပ်တာတွေ အောင်မြင်သလား၊ မအောင်မြင်သလား မေးမယ်" ဟု ဦးအေးမောက်က ပြောကြားသည်။

လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှအစ ၀န်ကြီးဌာနများအထိ ပတ်သက်ဆက်နွှယ်မှုရှိသော အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ တိုင်ကြားစာများကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။ ထိုတိုင်ကြားစာများထဲတွင် အများစုမှာ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပတ်သက်နေပြီး ဘဏ္ဍာအခွန် ၀န်ကြီးဌာနနှင့် ပတ်သက်သော တိုင်ကြားစာများကိုလည်း ရရှိထားကြောင်း သိရသည်။

ဝန်ကြီးဌာနများ၏ မလျော်မကန် ပြုလုပ်မှုများကို လက်ရှိအချိန်အထိ ထိရောက်သော အရေးယူမှု မရှိသေးခြင်းကြောင့် အဂတိ လိုက်စားမှုနှင့် အကျင့်ပျက် ခြစားမှုများမှာ ဆက်လက်အားကောင်း နေမည်ဖြစ်ကြောင်း သိရသည်။





eleven media group