အလွယ်တကူ ၀ိတ်ချနည်း ၁၀ မျိုး

ပို့စ်တင်ချိန် - 12/16/2013 08:46:00 AM


----------------------

၁) စားတဲ့ ပမာဏကိုလျှော့ချပါ
………………………………
ဝိတ်ချမယ်ဆိုတဲ့သူတွေ ကြောက်တာက သူတို့ နှစ်သက်တဲ့ အစားအစာတွေကို မစားရတော့မှာကိုပါပဲ။ ဟိုဟာမစားရဘူး၊ ဒီဟာမစားရဘူး ဆိုရင် ရှောင်ပြေးနေလေ့ရှိတယ်။ စားတဲ့ ပမာဏကိုပဲ တဖြည်းဖြည်း လျှော့ချပါ။ အရမ်းပြည့်သွားအောင် မစားပါနဲ့။ တစ်လုပ်လောက်လျှော့တာက စကြည့်ပါ။ တတ်နိုင်ရင် စားနေကျထက် ၄ ပုံ ၁ ပုံ လျှော့နိုင်ရင် လျှော့ပါ။
ဆီနဲ့ အဆီတွေဟာ ၀ိတ်တက်စေပါတယ်။ ဆီကျော်တွေကို တတ်နိုင်သလောက် လျှော့ပါ။

၂)သွားရည်စာ လျှော့စားပါ
………………………….
အချိုသွားရည်စာတွေက ၀ိတ်တက်တာရဲ့  အဓိက တရားခံပါ။ စားချင်တဲ့ သွားရည်စာတွေကို သပ်သပ်တစ်နေရာမှာထားပြီး အဲဒီထက် ပိုမစားမိအောင်ရှောင်ပါ။ ကိုယ်က စားရင်းနဲ့ ဘယ်လောက် စားမှန်းမသိ စားမိတတ်တယ်။ သွားရည်စာ စားရင် အချိုများတာတွေကို လျှော့ပါ။ တပါတ်စာ စာရင်းလုပ်ထားရင် ကိုယ်ဘယ်လောက်စားမိသလည်းဆိုတာ သက်သေပဲပေါ့။

၃)အ၀တ်အစားတွေကို နည်းနည်းကျပ်တာတွေ ၀ယ်ပါ
………………………………………………………
အ၀တ်အစားတွေကို နည်းနည်းကျပ်တာတွေ ၀တ်ရင် အ၀တ်အစားဝတ်တိုင်း ကိုယ့်ကိုယ်ကို သတိပေးသလို ဖြစ်လိမ့်မယ်။ ၀ိတ်ကျချင်စိတ်ကို အားပေးရာရောက်ပြီး ကြိုးစားစိတ်ကို ဖြစ်စေပါတယ်။

၎)အိပ်ယာမ၀င်ခင် ၄၅ မိနစ်လောက် လမ်းလျှောက်ပါ
…………………………………………………….
ညစာစားပြီးလို့ ခဏနားပြီးရင် ကြိုးစားပြီး ၄၅ မိနစ်လောက် လမ်းလျှောက်ပါ။ အကျိုးကျေးဇူးတွေကတော့
က) အင်နာဂျီတွေသုံးရတဲ့အတွက် အဆီဓာတ်ကျတာကိုအားပေးပါတယ်။
ခ)အိပ်လို့ကောင်းကောင်းပျော်ပါမယ်။
ဂ)နံနက်အိပ်ယာကထတဲ့အခါ လန်းဆန်းနေလိမ့်မယ်။

၅)မိမိရဲ့ ၀တဲ့ဓာတ်ပုံကိုမှန်မှန်ရှုပါ
……………………………….

ဝတဲ့ဓာတ်ပုံကိုကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကို သတိပေးသလို ဖြစ်နေလိမ့်မယ်။ ၀ိတ်ချဖို့ကြိုးစားချင်စိတ်တွေ ပေါ်လာလိမ့်မယ်။

၆)၀တဲ့သူတွေ စားပုံသောက်ပုံကို လေ့လာပါ
……………………………………………
ဝတဲ့သူတွေ စားသောက်ဆိုင်တွေမှာ စားတာသောက်တာကို သေချာကြည့်ရင် သာမာန်လူတွေထက် အစားကြူးတာကို တွေ့ရလိမ့်မယ်။ ပိုဝလေ ပိုစားလေဆိုတာ မြင်ရတဲ့အခါ ကိုယ့်ကို လျှော့စားဖို့ အားဖြစ်စေလိမ့်မယ်။

ရ)ဆရာဝန်နဲ့ ပုံမှန်ပြပြီး ဆေးစစ်ပါ
…………………………………
သွေးတိုး၊ ဆီးချို၊ သွေးအဆီဓာတ်တိုးတာတွေ ရှိရင် ၀ိတ်ကို သေချာချသင့်ပြီ။ မချလို့ကတော့ ကိယ့်ကိုယ်ကို သေဒဏ်ပေးတဲ့သူလိုပဲ ဖြစ်လိမ့်မယ်။

၈)၀ိတ်ကျရင် ကိုယ့်ကိုယ်ကိုဆုချပါ
………………………………….
ဝိတ်ကျလာတဲ့အခါ ကိုယ်လိုချင်တဲ့ အ၀တ်အစားတို့ ပစ္စည်းတို့နဲ့ တစ်ခုခုနဲ့ ကိုယ့်ကိုယ်ကို ဆုချပါ။ အစားနဲ့တော့ ဆုမချလိုက်ပါနဲ့။

၉)မိတ်ဆွေ သို့မဟုတ် မိသားစုရဲ့  အကူအညီကိုယူပါ
……………………………………………………
တစ်ဦးတည်းလုပ်တာထက် မိသားစုလိုက်ဖြစ်ဖြစ်၊ မိတ်တွေတွေနဲ့ အုပ်စုလိုက်ဖြစ်ဖြစ် လုပ်တာ ပိုပြီး ထိရောက်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကူညီနိုင်တာပေါ့။

၁၀) အချိုရည်နဲ့ ဘီယာ၊အရက်တွေ လျှော့သောက်ပါ
…………………………………………………….
အချိုရည်ထဲမှာ သကြားတွေ အများကြီးပါပါတယ်။ အချိုရည်ပုလင်းတစ်ပုလင်းမှာ သကြား ၁၈ ဇွန်းလောက်ပါပါတယ်။ ဘီယာနဲ့ အရက်တွေကလည်း ကယ်လိုရီတွေ အများကြီးပါပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ

မြန်မာနှလုံးဖောင်ဒေးရှင်း