စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ လုပ်ကိုင်ခြင်း မရှိသည့် ရော်ဘာခြံရှင်များ တရားစွဲဆိုခံရ

ပို့စ်တင်ချိန် - 1/11/2014 06:00:00 PM


မော်လမြိုင်၊ ဇန်နဝါရီ ၉

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက် ကျေးရွာရှိ သစ်တော ဦးစီးဌာနပိုင် မြေပေါ်တွင် ဒေသခံများ စိုက်ပျိုးထားသော ရော်ဘာပင်များအတွက် စက်မှုဝန်ကြီးဌာန အမှတ် (၂) အထွေထွေ အကြီးစား စက်မှုလုပ်ငန်းနှင့် အကျိုးတူ စာချုပ်ချုပ်ဆိုခြင်း မရှိသူများကို ရော်ဘာ ကျူးကျော် စိုက်သည်ဟုဆိုကာ စက်မှုဝန်ကြီးဌာနက မော်လမြိုင် ခရိုင်တရားရုံးတွင် တရားစွဲဆိုထားကြောင်း ကမာဝတ်ရွာရှိ ရော်ဘာခြံရှင် ဦးကျော်မိုးက ပြောကြားသည်။

သစ်တောဦးစီးဌာနပိုင် မြေဧရိယာ ၁၇၄၈ ဧကထဲမှ ဧက ၈၀၀ ကျော်ကို အမှတ် (၂) အထွေထွေ အကြီးစား စက်မှုလုပ်ငန်းသို့ ၂၀၀၄ ခုနှစ်တွင် နှစ်ရှည်မြေငှားရမ်း လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ရာ ယင်းမြေပေါ်တွင် ရော်ဘာ ကျူးကျော် စိုက်ထားသည့် ဒေသခံ ၁၂၆ ဦးက ယင်းဌာနနှင့် အကျိုးတူ လုပ်ကိုင်ရန် စာချုပ် ချုပ်ဆိုခဲ့သော်လည်း အကျိုးတူ စာချုပ် ချုပ်ဆိုခြင်း မရှိသည့် ကျန်ရော်ဘာခြံရှင်များကို စက်မှုဝန်ကြီးဌာနက တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဦးက ဆိုသည်။

၂၀၀၄ ခုနှစ်တွင် အမှတ် (၂) အထွေထွေ အကြီးစား စက်မှုလုပ်ငန်းကို လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသော်လည်း သစ်တောဦးစီးဌာန၏ မှတ်တမ်းတွင် ၂၀၁၁ ခုနှစ်မှသာ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရော်ဘာ စိုက်ပျိုးခြင်း မရှိသည့် မြေဧက ၉၀၀ကို သက်ဆိုင်ရာ ဝန်ထမ်းများနှင့် နီးစပ်သည့် လုပ်ငန်းရှင်များကို သစ်တောဝန်ကြီးဌာနက နှစ် ၃၀ မြေ ငှားရမ်းမှုကို တိုက်ရိုက် ခွင့်ပြုခဲ့သဖြင့် ရော်ဘာ စိုက်ပျိုးထားသည့် ဒေသခံ များကိုလည်း ယင်းကဲသို့ တိုက်ရိုက် ငှားရမ်းခွင့် ပြုသင့်သည်ဟု ရော်ဘာခြံရှင် ဦးကျော်မိုးက ဆိုသည်။

ယင်းရော်ဘာခြံ မြေများကို ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ကမာဝက် ကျေးရွာရှိ ခမရ (၂၀၉) တပ်ရင်းမှ အရာရှိ အရာခံများထံမှ မြေတစ်ဧက သုံးသိန်းကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ရော်ဘာပင်များ စိုက်ပျိုးထားသည်မှာ သုံးနှစ်ရှိနေပြီး ဖြစ်ကြောင်း တရားစွဲဆို ခံထားရသူ ဦးမြင့်အောင်က ပြောကြားသည်။
“ရော်ဘာမရှိတဲ့ မြေဧက ၉၀၀ ကိုတော့ စီးပွားရေး လုပ်ငန်းရှင်တွေကို သစ်တောက တိုက်ရိုက် ငှားပေးတယ်။ ဒေသခံတွေ စိုက်ထားပြီးတဲ့ ရော်ဘာခြံကိုတော့ တိုက်ရိုက် ငှားခွင့်မပြုဘူး။ စက်မှု (၂) ကတစ်ဆင့် အကျိုးတူ ပြန်ငှားခိုင်းတယ” ဟု ၎င်းကဆိုသည်။

သစ်တောဦးစီးဌာန၏ စည်းကမ်းချက်များတွင် ရော်ဘာ စိုက်ပျိုးရန် အတွက် မြေငှားရမ်းခြင်းကို နှစ် ၃၀ ခွင့်ပြုရမည် ဖြစ်ပြီး၊ တစ်နှစ်လျှင် မြေငှားရမ်းခ တစ်ဧက ၅၀၀ ကျပ်နှုန်းဖြင့် သစ်တောဦးစီးဌာနသို့ အခွန်ငွေအဖြစ် ပေးသွင်းရမည် ဖြစ်သည်။

ရော်ဘာ ကျူးကျော် စိုက်ပျိုးထားသူများသည် အမှတ် (၂) အထွေထွေ အကြီးစား စက်မှုလုပ်ငန်းနှင့် အကျိုးတူ လုပ်ကိုင်ရာတွင် နှစ်ရှည် မြေငှားရမ်းခကို တစ်ဧက ခုနစ်သောင်း ပေးဆောင်ရမည့်အပြင် ရော်ဘာလှီးချိန်တွင် ထွက်ရှိသည့် ရော်ဘာစေး၏ ၃၀ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ကြောင်း ရော်ဘာခြံရှင် ဦးမြင့်ဇော်က ဆိုသည်။

ရော်ဘာ စိုက်ပျိုးခွင့်ပြုသည့် မြေကို ထပ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းပေးခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရကြောင်းနှင့် ရော်ဘာ စိုက်ပျိုးခြင်းကို ကိုယ်တိုင် မပြုလိုတော့လျှင် သစ်တောဦးစီးဌာနသို့ ပြန်လည် အပ်နှံရမည် ဖြစ်ပြီး၊ ဖော်ပြပါ စည်းကမ်းချက် တစ်စုံတစ်ရာကို ချိုးဖောက်ပါက စာချုပ်အား ဖျက်သိမ်းမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက စည်ကမ်း သတ်မှတ်ထားသည်။

The Voice Weekly Myanmar