၂၀၁၃ ခုနှစ် ကမ္ဘာ့ရေးရာ မှတ်တိုင်များ

ပို့စ်တင်ချိန် - 1/11/2014 07:45:00 PM



၂၀၁၃ ခုနှစ် ကုန်ဆုံး၍ နှစ်သစ်သို့ကား ကူးပြောင်းခဲ့ချေပြီ။ နိုင်ငံတကာ ဇာတ်ခုံတွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ နှစ်ဟောင်း၏ နိုင်ငံတကာရေးရာ များကို ပြန်လည် လေ့လာကြည့်ရင်း ရှေ့နှစ် အလားအလာများကို စောင့်ကြည့်နိုင်စေရန် အတွက် Al-Jazeera သတင်းဌာန၏ နှစ်ဟောင်းသုံးသပ်ချက် များကို ရေးသား ဖော်ပြလိုက်ရပါသည်။

အာရပ်နွေဦး ပြောင်းပြန်ရိုက်ခတ်မှုများ

ကုန်လွန်ခဲ့သော ၂၀၁၃ ခုနှစ်သည် အာရပ်နွေဦး လူထုလှုပ်ရှားမှုများ၏ စတုတ္ထမြောက်နှစ် ဖြစ်ပေသတည်း။ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ အီရန်၊ ဘာရိန်းစသည့် နိုင်ငံများတွင် နွေဦးလှုပ်ရှားမှု များ၏ သက်ရောက်မှု များကြောင့် အပြောင်းအလဲများ ဖြစ်သည်တော့ ရှိသည်။ တန်ပြန် သက်ရောက်မှုများက ဆိုးကျိုးများဖြစ်စေ ခဲ့သည်ကိုလည်း တွေ့ရသည်။ တန်ပြန် တော်လှန်ရေးများ ဖြစ်သကဲ့သို့ တန်ပြန်ခြင်းကို ပြန်လည် တန်ပြန်သည့် တော်လှန်ရေးများလည်း ဖြစ်သည်။ အချို့ကိစ္စရပ်များက ငြိမ်းချမ်းစွာဖြစ်ခဲ့သည်။ သို့သော် သွေးထွက်သံယို အကြမ်းဖက်မှု များလည်း ဖြစ်ကြသည်။

အာရပ်ဒေသ အပြောင်းအလဲများ တွင် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆီးရီးယား အဖြစ်အပျက်များက အလှုပ်ခတ်ဆုံးဟု ဆိုရပေမည်။ သေဆုံးသူပေါင်း တစ်သိန်းကျော်အထိ ရောက်ရှိသွားခြင်းက သွေးလန့်လောက်သည့် ကိန်းဂဏန်း ဖြစ်သည်။ ဆီးရီးယားခေါင်းဆောင် အာဆတ် အစိုးရက ဓာတုလက်နက်သုံးပြီး အရပ်သား များကို တိုက်ခိုက်သည်ဟု အမေရိကန် ပြည်ထောင်စုက ထောက်လှမ်းရေး အချက်အလက် များဖြင့် ပြောဆိုခဲ့သည်။ အာဆတ်က သူပုန်များကသာ ယင်းလက်နက်များ သုံးခြင်းဖြစ်သည်ဟု တန်ပြန်တုံ့ပြန်သည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ဓာတုလက်နက် အသုံးပြုခြင်းကို စစ်ရေးအရ ပြန်လည် အရေးယူမည်ဟု စီစဉ်နေစဉ်တွင် ရုရှားက ကြားဝင်ခဲ့သည်။ ရုရှားသမ္မတ ပူတင်က ကုလသမဂ္ဂ ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့က ဦးဆောင်ကာ နိုင်ငံတကာ၏ အကူအညီဖြင့် ဓာတုလက်နက်များ အစုလိုက်အပြုံလိုက် ဖျက်ဆီးမည့် အစီအစဉ်ကို ချပြခဲ့သည်။ ကုလသမဂ္ဂက လက်ခံသကဲ့သို့ ဆီးရီးယားခေါင်းဆောင် အာဆတ်ကလည်း သဘောတူသည်။ အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စု၏ စစ်ရေးအရ အရေးယူမည့် အစီအစဉ် နောက်ဆုတ်သွားခဲ့သည်။ ပြည်တွင်းစစ် တိုက်ပွဲများကား ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေး ပြဿနာကလည်း ကြီးကြီးမားမား ရှိနေသည်။

လစ်ဗျားတွင် ကဒါဖီကို အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့သော အာရပ်နွေဦးသည် ဆီးရီးယား ကဲ့သို့ပင် လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြစ်၏။ အနောက်အုပ်စု၏ လေကြောင်းအကူအညီ ကလည်း အလွန် အထောက်အကူ ပြုခဲ့သည်။ လစ်ဗျားတွင် ကသောင်းကနင်း ဖြစ်ခဲ့သော အခြေအနေမှာ တိုင်းပြည်အပေါ် ဥပဒေစိုးမိုး အသက်ဝင်စေသည့် အစိုးရ မရှိတော့ခြင်း ဖြစ်သည်။ တော်လှန်ရေး ဖြစ်ထားသောကြောင့် လက်နက်များက နေရာအနှံ့ ပြန့်နေသည်။ ဒေသခံ ပြည်သူ့စစ်များက လက်နက်ဖြုတ်ရန် ငြင်းဆန်ထားကြသည်။ လက်နက်ကိုင် အစုအဖွဲ့အချင်းချင်း နယ်မြေလုခြင်း တိုက်ပွဲငယ်များလည်း ဖြစ်လေ့ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကိုယ့်ဘာသာ ထကြေညာသည့် ပြည်နယ်များလည်း ရှိသည်။ ကဒါဖီလက်ထက်တွင် ငြိမ်ခဲ့သော အစွန်းရောက် အစ္စလာမ္မစ်များ ခေါင်းထောင်လာခြင်းသည် လစ်ဗျားတွင် ဖြစ်တောင့်ဖြစ်ခဲ အသေခံဗုံးခွဲမှုများပင် ဖြစ်ခဲ့သည်က သက်သေသာဓက ဖြစ်သည်။ လစ်ဗျား အာရပ်နွေဦးသည် စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရန် ခရီးရှည် ချီတက်ရဦးမည် ဖြစ်ပေသည်။

အီဂျစ်နွေဦးကတော့ တော်လှန်ရေး၊ တန်ပြန်တော်လှန်ရေးနှင့် တန်ပြန်တော်လှန် ရေးကို တန်ပြန်သည့် တော်လှန်ရေးများဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ ဘေးရောက်သွားခဲ့သည်။ မိုဟာမက်မော်စီ ရွေးကောက်ပွဲနိုင်ကာ သမ္မတ ဖြစ်ခဲ့ပြီးနောက် အီဂျစ် နိုင်ငံရေးအတွင်းသို့ အစ္စလာမ္မစ်တန်ဖိုး နှုန်းစံများ ထည့်သွင်းလာခဲ့သည်။ မကျေနပ် ကြသူများက ဆန္ဒပြပွဲကြီး များဖြင့် တန်ပြန်ခဲ့သည်။ ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်။ နောက်ပိုင်းတွင် မွတ်ဆလင်ညီနောင်များ အင်အားစု အာဏာရပါတီကို မလိုလားသည့် တပ်မတော်က မော်စီထံမှ အာဏာကို ဖြုတ်ချကာ ၄င်းတို့ထောက်ခံသည့် အင်အားစုများဖြင့် ကြားဖြတ်အစိုးရ ဖွဲ့ပေးခဲ့သည်။ မိုဟာမက်မော်စီလည်း အဖမ်းခံရသည်။ ထိုအခါ မွတ်ဆလင်ညီနောင်များကို ထောက်ခံကြသည့် အင်အားစုများက လမ်းပေါ် ထွက်လာသည်။ စစ်တပ်နှင့် ရဲက အကြမ်းဖက် နှိမ်နင်းသည်။ သေဆုံးသူ များစွာရှိခဲ့ပြီး မွတ်ဆလင်ညီနောင်များ ခေါင်းဆောင်များနှင့် ထောက်ခံသူများ ထောင်ထဲ ရောက်ရသည်။ ဆန္ဒပြခြင်းကို ထိန်းချုပ်ခြင်း၊ သတင်းမီဒီယာများကို ထိန်းချုပ်ခြင်းစသည့် ကိစ္စရပ်များကို စစ်တပ်နောက်ခံ အစိုးရက လုပ်ဆောင်ကာ မွတ်ဆလင်ညီနောင်များ ကိုလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။ အီဂျစ်တွင် အကြမ်းဖက်မှုများ ကလည်း ယခင်ကထက် ပိုများလာသည်။ ဆိုင်နိုင်း ကျွန်းဆွယ် အီဂျစ်အခြေစိုက် စစ်သွေးကြွ များ၏ တိုက်ခိုက်မှုများ ကလည်း စိတ်လာခဲ့ကာ အစိုးရကို မကျေနပ်သော မွတ်ဆလင်ညီနောင်များ ဘက်က ထောက်ခံသူများကို လက်နက်ကိုင် စစ်သွေးကြွလမ်းစဉ် ရောက်သွားအောင် တွန်းပို့နေသကဲ့သို့ ရှိသည်။

၂၀၁၃ ခုနှစ်က ကမ္ဘာ့လူ့အခွင့်အရေး အခြေအနေ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး ရာစုနှစ်ဝက်လောက် ရှိပြီဖြစ်သော်ငြား ယင်းကြေညာစာတမ်းပါ အချက်များကို ကာကွယ်ပေးသည့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်မှုများ ကတော့ ၂၀၁၃ ခုနှစ်ထဲ အထိ ရှိနေဆဲပင် ဖြစ်ပေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီပီလေက ၂၀၁၃ ကမ္ဘာ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာတွင် တိုးတက်မှုများ ရှိသည်ဟု ဆိုထားသည်။ သို့ရာတွင် အမျိုးသမီး များကို ဖိနှိပ်ထားခြင်း၊ တိုင်းရင်းသားနှင့် လူနည်းစု ဘာသာဝင်များကို နှိပ်ကွပ်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ နေထိုင်လုပ်ကိုင် စားသောက်ရန် အခွင့်အရေး သာလွန်ကောင်းမွန်သည့် နေရာကို ရွှေ့ပြောင်းလိုကြသူများ ရွှေ့ပြောင်း လုပ်သားများကို ခေါင်းပုံဖြတ်ခြင်း စသည်တို့မှာကား ဆက်ရှိနေဆဲဟု ကော်မရှင်နာ မင်းကြီးက ဆိုထားသည်။

ဗဟိုအာဖရိကနိုင်ငံ၊ တောင်ဆူဒန် စသည့် အာဖရိကနိုင်ငံများမှ လူမျိုးရေး နိုင်ငံရေးပဋိပက္ခ များကြောင့် ဖြစ်ပေါ်သည့် လူသားဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများ သတင်းက ၂၀၁၃ နှောင်းပိုင်းတွင် ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့သည်။ အမေရိကန် ပြည်ထောင်စုက စစ်သွေးကြွများကို တိုက်ခိုက်နေသည့် မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှု များသည်လည်း အရပ်သားကျေးရွာနေ ပြည်သူများ၏ လူ့အခွင့်အရေးကို မလေးမစား ပြုခြင်းဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်သည့် အဖွဲ့များက ပြောကြားကြသည်။

၂၀၁၃ ခုနှစ် လူ့အခွင့်အရေး အခြေအနေ ချွတ်ခြုံကျရခြင်း၏ အဓိကအကြောင်းရင်း တစ်ခုမှာ ဆီးရီးယားပြည်တွင်းစစ် ဖြစ်သည်။ နေရပ်ကို စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည်ပေါင်း ၃ ဒသမ ၂ သန်း ရှိသည်။ အဆိုပါ ကိန်းဂဏန်းသည် ဆီးရီးယား ပြည်တွင်းစစ် ၂၀၁၄ ထဲတွင် အရှိန်ဖြင့် ဆက်ဖြစ်နေလျှင် ၅ဒသမ၂သန်းအထိ တက်လာနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ပြည်တွင်း၌ပင် တိမ်းရှောင်နေရပြီး ဟိုပြေးဒီပြေး ဖြစ်နေသူများက ၂၀၁၄ တွင် ၂၂ ဒသမ ၅သန်း ရှိလာနိုင်သည်ဟု ခန့်မှန်းကြသည်။

လုပ်သား ခေါင်းပုံဖြတ်ခံရခြင်း ကိစ္စရပ် ကလည်း ၂၀၁၃ ခုနှစ်တွင် လူ့အခွင့်အရေး ကဏ္ဍ၌ ကြီးကြီးမားမားနေရာယူထားသည်။ ကာတာနိုင်ငံတွင် အလုပ်လာလုပ်ကြသော ပြည်ပနိုင်ငံများမှ အလုပ်ကြမ်းလုပ်သား ရွှေ့ပြောင်းများ၏ အခြေအနေသည် တိရစ္ဆာန်များအဆင့်သာ ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်ထားကြသည်။

ကွယ်လွန်သွားသည့် ကမ္ဘာ့ခေါင်းဆောင်များ

၂၀၁၃ ခုနှစ်တွင် ကမ္ဘောဒီးယားခမာ စစ်ရာဇဝတ်ကောင်လို ခေါင်းဆောင်မျိုးနှင့် ဒီမိုကရေစီ၏ အမှတ်သညာ ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားလို ပုဂ္ဂိုလ်မျိုးများ ကွယ်လွန်သွားခဲ့သည်။ ၁၉၉၉ ခုနှစ် ကတည်းက ဗင်နီဇွဲလားကို အုပ်ချုပ်ခဲ့သော ဟူဂိုချာဗက်ဇ်သည် ဆိုရှယ်လစ်မူများ ချမှတ်ခဲ့ပြီး အခမဲ့ဆေးဝါး၊ အခမဲ့ပညာရေး စနစ်စသည်တို့ကို ဖော်ဆောင်ခဲ့ပြီး စစ်တပ်ကို လမ်းများ၊ တံတားများ၊ ဆေးရုံများ ဆောက်ရာတွင် အသုံးပြုခဲ့သူဖြစ်သည်။ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုကို အစဉ်တစိုက် ချိုးဖဲ့ဝေဖန်ခဲ့သူ ဖြစ်ကာ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ကင်ဆာဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။

ဧပြီလတွင်တော့ သမိုင်းတွင် သံမဏိ အမျိုးသမီးဟု ထင်ရှားသည့် ဗြိတိန်ဝန်ကြီး ချုပ် မာဂရက်သက်ချာမှာ အသက် ၈၇ နှစ် အရွယ်တွင် တိမ်းပါးခဲ့သည်။ အာဂျင်တီးနား စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး ဂျော့ဗီဒယ်လာလည်း မေလ ၁၇ ရက်နေ့တွင် အသက် ၈၇ နှစ်၌ပင် ကွယ်လွန်သွားခဲ့သည်။ ၄င်းသည် စစ်အာဏာရှင် ဘဝက အတိုက်အခံပေါင်း တစ်သောင်းခွဲမှ သုံးသောင်းလောက် အထိ သတ်ပစ်ခဲ့သည်ဟု နာမည် ကျော်သည်။

တောင်အာဖရိက အသားရောင်ခွဲခြားမှု စနစ်ကို တိုက်ဖျက်ခဲ့သည့် နယ်လ်ဆင်မင်ဒဲလားသည် ဒီဇင်ဘာလ ၅ ရက်နေ့၌ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ ဆိတ်ကျောင်းသားလေး ဘဝမှသည် ဥပဒေပညာရှင်၊ လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင် တို့မှသည် အကြမ်းမဖက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်ခဲ့သဖြင့် ကျော်ကြားသည်။ ၂၇ နှစ်တာ အကျဉ်းထောင် ထဲတွင် နေထိုင်ခဲ့ရပြီး တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့သည်။ ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှု၊ ရောဂါဘယထူ ပြောမှုတို့ကို အောင်မြင်အောင် စွမ်းစွမ်းတမံ ကိုင်တွယ်ခဲ့သူလည်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၅နှစ် ရှိပြီဖြစ်သည်။

အီရန်အရေး ဆွေးနွေးပွဲများ အခက်ခဲဆုံးအဆင့်နှင့် နှစ်သစ်စိန်ခေါ်မှု

အီရန်တွင် အလယ်အလတ်ဝါဒီ ဘာသာရေးဆရာ ဟတ်ဆန်ရိုဟာနီ ရွေးကောက်ပွဲနိုင်ပြီး သမ္မတ ဖြစ်လာခဲ့သည်။ မဲဆွယ်ပွဲများမှာ ကတည်းက အီရန်ကို အနောက်အုပ်စုက ပြုလုပ် ပိတ်ဆို့ထားသော စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု ကတိကဝတ် ပြုခဲ့သည်။ အီရန်ပြည်သူ များသည် ပိတ်ဆို့မှုများကြောင့် စီးပွားရေး အကျပ်အတည်း ဆိုက်နေကြသည်။ ထို့ကြောင့် ရိုဟာနီ မဲရခဲ့သည်ဟု ဆိုကောင်းဆိုနိုင်ပေမည်။ အာမက်ဒီနေဂျက် လက်ထက်က ရပ်တန့်ထားခဲ့သော နျူကလီးယားအရေး ဆွေးနွေးပွဲများ ပြန်လည် စတင်လာနိုင်ခဲ့သည်။ အမြဲတမ်း ပြုံးနေသော သံတမန်ကြီး အီရန်နိုင်ငံခြားရေး ဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က ဦးဆောင်ဆွေးနွေးသည်။ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ ရုရှား စသော ကမ္ဘာ့ပါဝါ နိုင်ငံကြီးများ ဥရောပသမဂ္ဂ ထိပ်တန်းခေါင်းဆောင်များ ဦးဆောင်ကာ အီရန်နှင့် ညှိနှိုင်းကြသည်။

အစ္စရေးကတော့ အီရန်သည် နျူကလီးယားဗုံး လုပ်ဖို့ရန်အတွက် အချိန်ဆွဲသဖြင့် ဆွေးနွေးဝိုင်းကို ဟန်ဆောင်ပန်ဆောင် လာတက်ခြင်းဖြစ်သည်ဟု ပစ်ပစ်ခါခါဆိုသည်။ ပါဝါနိုင်ငံများ အနေနှင့် ဘာကို ရွေးရမည်နည်း။ ဆွေးနွေးဝိုင်းကိုသာ အောင်မြင်အောင် ကြိုးစားရုံမှတစ်ပါး အခြားမရှိပြီ။ အီရန်ကို အရေးယူ ပိတ်ဆို့မှုများ ဆက်တင်းကျပ်အောင် ဂျူး မူဝါဒရေးရာ ချဉ်းကပ်သူများက ပါဝါနိုင်ငံကြီးများ မှ နိုင်ငံရေးသမား များကို အရေးဆိုကြသည်။ အိုဘားမားအစိုးရ ကတော့ အီရန်ကို အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လျှင် စစ်ပွဲသာဖြစ်နိုင်ပြီး အဖြေ ဖြစ်မလာနိုင်ကြောင်း အတိုက်အခံများကို ပြောကြားထားသည်။ အီရန်သမ္မတလည်း အမေရိကန်သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ် တို့နှင့် တယ်လီဖုန်း ပြောဆိုမှုများ စာအသွားအလာများ လုပ်လိုက်ရသည်။

ဂျီနီဗာဆွေးနွေးပွဲသည် ယခင်ဆွေးနွေးပွဲများထက် စာလျှင်တော့ အသီးအပွင့် ရသည်ဟု ဆိုနိုင်သည်။ အီရန် နျူကလီးယား စက်ရုံများ တိုးချဲ့နေခြင်းကို ရပ်တန့် ဆိုင်းငံ့ထားရေး အတွက် သဘောတူညီမှု ရရှိခဲ့သည်။ စီးပွားရေးပိတ်ဆို့မှု အတွက်တော့ မည်သည့်သတင်းမှ မရရှိသေးပေ။ ဆွေးနွေးဝိုင်း၏ အခက်အခဲဆုံး ကာလများဖြင့် နှစ်သစ် ၂၀၁၄ ကိုရောက်ရှိသွားသည်။ ထိတွေ့ဆက်ဆံပြီး အသွင် ပြောင်းယူရေးများ လုပ်ဆောင်တတ်သည့် သမ္မတအိုဘားမား အစိုးရနှင့် သဘောတရားရေး အစွန်း မရောက်သော ဟတ်ဆန်ရိုဟာနီတို့ သမ္မတ သက်တမ်းများ မကုန်ခင် အီရန်အရေး အဖြေရှာတွေ့ပါရန် မျှော်လင့်ရသည်။ နျူကလီးယားစွမ်းအင် ရရှိရေးသည် အီရန်၏ အခွင့်အရေးဖြစ်သည်ဟု သမ္မတက ပြောဆိုနေဆဲ။ အစ္စရေးကတော့ ဗုံးလုပ်ချင်နေသည့် အီရန်ဟု တပ်အပ် ပြောဆိုထားသည်။

အာဖဂန်နစ္စတန်နှင့် အီရတ်ဇာတ်လမ်းတွဲ

အမေရိကန် ဦးဆောင်သော တပ်များ ဝင်တိုက်ခဲ့သည့် ထိုနိုင်ငံများတွင် အကြမ်းဖက်မှုများက ဆက်လက် ဖြစ်ပွားနေသည့်တိုင် ခြားနားမှုများ ရှိသည်။ အာဖဂန် နစ္စတန်တွင် ၂၀၁၃ တွင် အမေရိကန်၊ တာလီဘန် နှင့် အာဖဂန်အစိုးရတို့ လျှို့ဝှက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့မှုများ ရှိသည်။ တာလီဘန်များက ကာတာတွင် သံရုံးပင် ဖွင့်ကာ ညှိနှိုင်းရေးကိစ္စများ လုပ်ဆောင်လာခဲ့သည်။ ငြိမ်းချမ်းရေး မျှော်လင့်ချက်က ဝေးနေဆဲပင် ဖြစ်သည်။ နှစ်သစ်တွင် အမေရိကန်နှင့် အနောက်အုပ်စုတပ်များ နောက်ဆုံး ထွက်ခွာကြမည် ဖြစ်သဖြင့် လုံခြုံရေး အခြေအနေကို အာဖဂန်တပ်များ တာဝန်သို့ လွှဲပြောင်းမှုများ အသည်းအသန် လုပ်ခဲ့ရသည့်နှစ်လည်း ဖြစ်သည်။

အမေရိကန်-ပါကစ္စတန် ဆက်ဆံရေး အေးစက်မှု ကလည်း အာဖဂန်အပေါ် သက်ရောက်မှုများ ရှိသည်။ အမေရိကန်၏ ပါကစ္စတန်၊ အာဖဂန်နယ်စပ် မောင်းသူမဲ့ တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်ဘက်မှ စစ်တပ်ရိက္ခာ ကားများ ၄င်းနိုင်ငံအတွင်းမှ ဖြတ်သန်းနေခြင်းကို မကြာခဏ ပိတ်တတ်သည်။ နိုင်ငံတကာ စစ်တပ်များ ပြန်အထွက် ကာလအလွန် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ အတွက်လည်း အာဖဂန်အစိုးရ၏ သဘောတူညီမှုကို ၂၀၁၃ ခုနှစ်အတွင်းက ချောမွေ့စွာ မရရှိခဲ့ပေ။

၂၀၁၃ ခုနှစ်အတွင်း အာဖဂန်တွင် လူမှုရေးလုပ်သား ၃၆ ဦးသေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့မှု သည်လည်း အဆိုပါနှစ် အတွက် အာဖဂန်နစ္စတန် ၏ မှတ်တိုင်တစ်ခု ဖြစ်ပေတော့သည်။ အမျိုးသမီး များကို နှိပ်ကွပ် ညှဉ်းပန်းခြင်းလည်း မြင့်တက်လာခဲ့သည်ဟု အဖွဲ့အစည်းများက သတိပေး ထားကြသည်။ ခြုံပြီး ဆိုရလျှင် ၂၀၁၃ တွင် အာဖဂန်သည် ငြိမ်းချမ်းရေးဖြစ်စဉ် ရုပ်လုံးပေါ်အောင်၊ အကြမ်းဖက်မှုများ ရပ်တန့်အောင်၊ စီးပွားရေး၊ လူမှုရေး တူတူတန်တန် တိုးတက်အောင် မလုပ်နိုင်ခဲ့ဟု ဆိုနိုင်ပေမည်။

အီရတ်အခြေအနေ ကတော့ ဆီးရီးယားနှင့် ဆက်စပ်နေသည်။ ဆွန်နီ-ရှီးယိုက် ဘာသာရေးပဋိပက္ခ များကြောင့် လူသေဆုံးမှုများ စစ်ပွဲလွန်ကာလတွင် စံချိန် တင်ခဲ့သည်။ ရှီးယိုက်ကြီးစိုးသော မာလီကီ အစိုးရကို မကျေနပ်မှုများ လူထုထဲ ပျံ့နှံ့ခဲ့ပြီးနောက် ရှီးယိုက်များ များပြားရာ ရပ်ကွက်များကို ဆွန်နီစစ်သွေးကြွ များက တိုက်ခိုက်ခဲ့ကြသည်။ ဘာသာရေးအသွင် ဆောင်သော အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီး လူနည်းစု ခရစ်ယာန်ဘာသာဝင်များ မကြာခဏ ဗုံးစာမိခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း စသည်တို့ ကြုံရသည်။

အီရတ်အကြမ်းဖက် အဖွဲ့အစည်းများတွင် အစ္စလာမ္မစ် အီရတ်နိုင်ငံတော် ဆိုသည့် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုများ စိပ်လာခဲ့သည်။ ၂၀၁၄ သည် အပြောင်းအလဲသစ်များ ယူဆောင်လာနိုင်မည် ဆိုခြင်းကို အီရတ်အရေး အကဲခတ်သူများက သံသယ ရှိကြသည်။ ဘာသာရေး အကွဲအပြဲနှင့် နိုင်ငံ တည်ငြိမ်အောင် လုပ်ရခြင်း အကျပ်အတည်း များမှာ ရေတို ဖြေရှင်းနိုင်မည့်ပုံ မရှိပေ။

၂၀၁၃ အတွင်းက တရုတ်-ဂျပန်ပြဿနာ

တရုတ်က ၂၀၁၃ တွင်လည်း ပစိဖိတ် စိုးမိုးရေးအတွက် ၄င်း၏ရေတပ်ကို တိုးချဲ့ဆဲ ဖြစ်သည်။ ပင်လယ်ထဲမှ ဘာမှ ထွက်ပုံမရသည့် ကျွန်းလေးကို အမျိုးသားရေး စိတ်ဓာတ်များဖြင့် သူပိုင်ကိုယ်ပိုင် ငြင်းကြပုံများဖြင့် နှစ်ဟောင်းတစ်ခုလုံး ဖြတ်သန်းခဲ့ ကြသည့် ကမ္ဘာ့စီးပွားရေး ထိပ်တန်းနိုင်ငံများ ဖြစ်ကြသည်။ တရုတ်အခေါ် ဒိုင်အို၊ ဂျပန်အခေါ် ဆန်ကာကု ကျွန်းကိစ္စကြောင့် အငြင်းပွားမှုသည် ဒေသတွင်းပြဿနာ အဆင့် ဖြစ်နေခဲ့ကာ အမေရိကန်ပြည်ထောင်စု အစရှိသည့် နိုင်ငံများက ဝင်ပြောကြသည်။

တရုတ်က လေကြောင်းရန် ကာကွယ်ရေးဇုန်တွင် ထိုကျွန်းဧရိယာကို ထည့်တွက် သတ်မှတ် ကြေညာလိုက်သည်။ ဂျပန်နှင့် ၄င်း၏ မဟာမိတ်များက ယင်းကိစ္စကို လုံးဝ လက်မခံနိုင်ကြပေ။ တရုတ်က ၄င်းကို အသိမပေးဘဲ ထိုနေရာကို နိုင်ငံခြားလေယာဉ်များ ဝင်လာပါက အရေးပေါ် တုန့်ပြန်မှုများ ပြုလုပ်မည်ဟု ဆိုသည်။ အမေရိကန် ဗုံးကြဲလေယာဉ်အုပ်များ ထိုနေရာကို ဖြတ်ပျံသွားခဲ့သည်။ တရုတ်အရေး အတွက် အင်အားစု တစ်စုစုလိုနေသော ဂျပန်က အာဆီယံကို စည်းရုံးသည်။ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ဘီလီယံပေါင်း များစွာသော ချေးငွေများ ကတိပြုခဲ့သည်။

ဂျပန်ခေါင်းဆောင်များ ယာစုကူနီ စစ်သင်္ချိုင်းကို သွားသွား အလေးပြုနေ ခြင်းကလည်း တရုတ်-ဂျပန် ဆက်ဆံရေးကို အဆိုးဝါးဆုံးအဆင့်သို့ ရောက်ရှိသွား စေသည်။ ဂျပန်တို့၏ စစ်လိုလားသော ရန်လိုသည့် အပြုအမူဟု တရုတ်က ဆိုထားသည်။ ထိပ်တိုက်ဆွေးနွေးရန် ဂျပန်ဘက်က ကမ်းလှမ်းချက်ကို တရုတ်က ပယ်ချထားသည်။ ၂၀၁၄ တွင် တရုတ်-ဂျပန် အပြန်အလှန် ပြစ်တင်သည့်စကားများ ဆိုနေကြဖွယ် ရှိပြီး၊ ရေတပ် ချဲ့ထွင်ကြခြင်း၊ အာဆီယံ ကဲ့သို့သော ဒေသတွင်း အင်အားစုများကို ကိုယ့်ဘက်ပါအောင် ပြုလုပ်ခြင်းများဖြင့် အလုပ်များကြဖွယ် ရှိသည်။

သဘာဝဘေးဒဏ်များ မင်းမူသည့် ၂၀၁၃

၂၀၁၃ တွင် အားလုံး မှတ်မှတ်ထင် ထင်ရှိနေမည်မှာ နိုဝင်ဘာလ ၈ တွင် တိုက်ခဲ့သည့် ဖိလစ်ပိုင် တိုင်ဖုန်း ဟိုင်ယန်ဖြစ်သည်။ ကုန်းပေါ်တက်လာသမျှ မုန်တိုင်းထဲတွင် အားအပြင်းဆုံးဟု ဆိုရလောက်အောင် အချို့နေရာ များတွင် တစ်နာရီလျှင် ၂၃၅ မိုင်နှုန်း တိုက်ခတ်သွားခဲ့သည်။ လူခြောက်ထောင် သေဆုံးပြီး ၃ ဒသမ ၆ သန်းခန့် အိုးအိမ်များမှ ပြောင်းရွှေ့ တိမ်းရှောင်ခဲ့ရသည်။

ဆိုင်ကလုန်း ဖိုင်လန်က အိန္ဒိယကို ဝင်ရောက်သွားသည်မှာလည်း ထိခိုက်မှု တော်တော်များသည်။ အသေအပျောက်က ၅၀ ခန့်အထိ ရှိသည်။ တစ်နာရီ မိုင် ၁၅၀ မုန်တိုင်းကြောင့် လူ ၁၃ သန်းခန့် စီးပွားရေးများ ထိခိုက်ခဲ့ရသည်။ ဟာရီကိန်းမုန်တိုင်း နှစ်စင်း ဖြစ်သည့် မန်နျူရယ် နှင့် အင်းဂရစ် တို့က မက္ကဆီကို အနောက်ပိုင်းကို ဆက်တိုက်ဆိုသလို ဝင်သွားခဲ့သည့် အဖြစ်အပျက် ကြောင့်လည်း တော်တော်များများ ထိခိုက်မှု ဖြစ်ခဲ့သည်။ တရုတ် စီချွမ်ငလျင်၊ ဖိလစ်ပိုင် ငလျင်တို့သည်လည်း အသေအပျောက် များခဲ့သည့် ၂၀၁၃ သဘာဝဘေးဒဏ်များ အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုကို နှစ်စဉ်ဝင်နေကျ လေဆင်နှာမောင်း များသည်လည်း ၂၀၁၃ တွင် အရေအတွက် ပိုမို များပြားခဲ့ကာ စုစုပေါင်း ၂၄ ဦးအထိ သေဆုံးထားခဲ့သည်။ သဘာဝ ဘေးအန္တရာယ် များသည် ကြိုတင်ခန့်မှန်းရန် ခက်ခဲသည်ချည်းဖြစ်ရာ ၂၀၁၄ ခုနှစ်တွင် မည်သို့သော ဘေးဒဏ်များ ဝင်လာမည်ကို တပ်အပ် မပြောနိုင်ပေ။ သို့သော် လက်ရှိ ရထားခဲ့သော အတွေ့အကြုံ များကြောင့် အသေအပျောက် ကိုကား လျှော့နိုင်ပေလိမ့်မည်။ အင်ဒိုနီးရှား မီးတောင်များကို စောင့်ကြည့်ရမည်။

သန့်ဇင်စိုး

The Voice Weekly Myanmar