အထူးယာဉ်များ လူပိုတင်ဆောင်နေမှု ခရီးသည်များပါ စည်းကမ်းလိုက်နာရန်လို

ပို့စ်တင်ချိန် - 1/11/2014 06:15:00 PM


အေးလှိုင်၊ နိုင်လင်း၊ ရန်ကုန်၊ ဇန်န၀ါရီ-၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြေးဆွဲလျက် ရှိသော အထူးယာဉ်လိုင်းများ လူပိုတင်ဆောင်နေမှုအား ပြုပြင်ရန် အချိန်ပေးဆောင်ရွက်ရမည်ဖြစ်ပြီး ခရီးသည်များကလည်းစည်းကမ်း လိုက်နာရန် လိုအပ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဇန်န၀ါရီ ၈ ရက်က စံတော်ချိန်သို့ ပြောဆိုသည်။

' အထူးယာဉ်တွေမှာ ထိုင်ခုံပြည့်ရင် လူပိုမတင်ရဆိုတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။ ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်မှာလည်း လူပိုတင်တဲ့ ယာဉ်လိုင်းတွေကို ပေးတဲ့ပြစ်ဒဏ်ပါ ၀င်ပါတယ်။ ဒီနေ့အထိလည်း အရေးယူနေဆဲပါပဲ။ အဲဒီလို အရေးယူတဲ့အခါမှာ ပြန်မေးကြတယ်။ အရေးကြီးလို့ ၊ ရုံးနောက်ကျမှာ စိုးလို့ဆိုပြီး ခရီးသည်တွေက အတင်းလိုက်ကြတယ်။ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲလို့ ယာဉ်မောင်းနဲ့ယာဉ် နောက်လိုက်တွေက ပြန်ပြောတယ်။ ကျွန်တော်တို့ကတော့ ဖြေရှင်းပေးနေတယ်။ အရေးယူပေးနေပါတယ်။ ဒါပေမဲ့စီးတဲ့လူက အတင်းတက်မယ်ဆိုရင်တော့ ကျွန်တော်တို့ တားလို့ရမှာ မဟုတ်ဘူး။ပြည်သူတွေအနေနဲ့လည်း စည်းကမ်း လိုက်နာဖို့လိုပါတယ် ' ဟု ဇန်န၀ါရီ ၈ ရက် နံနက် ၁၀ နာရီက မထသ (ဗဟို) အစည်းအဝေးခန်းမတွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ဦးလှအောင်က စံတော်ချိန်၏ သီးသန့်မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ခရီးသည်တင်ယာဉ်လိုင်းများမှ မော်တော်ယာဉ်တစ်စီးနှင့် တစ်စီး အကြား အချိန်ကွာဟမှုကို ပြည်သူသို့ တိကျမှန်ကန်စွာ ထုတ်ပြန်နိုင်မှုအား နည်းနေဆဲဖြစ်ပြီး နိုင်ငံတကာကဲ့သို့ ဖြန့်ဝေပေးနိုင်ရန် လိုအပ်ကြောင်းနှင့် လက်ရှိအချိန်တွင် ယင်းအထူးယာဉ် ကိစ္စအား ဖြေရှင်းပေးနိုင်ရန် ကြိုးစားနေဆဲဖြစ်၍ အချိန်ပေးစောင့်ဆိုင်းရန် ပြည်သူများအနေဖြင့် နှစ်ဦးနှစ်ဖက်ပေါ်၌ မူတည်နေသော အနေအထားကို နားလည်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ထောက်ပြခဲ့သည်။

စံတော်ချိန် သတင်းစာ