အောင်ဘာလေထီရုံး စရဖ CID အကောက်ခွန်ဝင်စစ်

ပို့စ်တင်ချိန် - 1/11/2014 05:15:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၉

ရန်ကုန်တိုင်းဒေသကြီး ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့် ရှိ အောင်ဘာလေထီရုံးသို့ စရဖ၊ CID အကောက်ခွန်တို့ ပူးပေါင်းကာ ဒီဇင်ဘာလလယ်မှစ၍ မည်သည့် အကြောင်းမျှ မသိရှိဘဲ ၀င်ရောက် စစ်ဆေးလျက် ရှိသည်ဟု ဇန်န၀ါရီလ ၉ ရက်တွင် အောင်ဘာလေထီရုံး စီမံဌာနမှ ညွှန်ကြားရေးမှူး၏ အတွင်းရေးမှူး ဖြစ်သူ ဦးဇော်မြင့် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အောင်ဘာလေထီရုံးတွင် ဌာန ၇ ဌာနရှိရာ ဒီဇင်ဘာလ ၂၃ ရက်မှစ၍ ဒီဇင်ဘာလ ၃၁ ရက်ထိ ၎င်းထီရုံးသို့ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ)၊ ပြည်ထဲရေးဌာန လက်အောက်ရှိ CID၊ အကောက်ခွန်တို့ ပူးပေါင်း လာရောက်ကာ ဌာနအားလုံး၏ အကြီးအကဲပိုင်းများကိုသာ စစ်ဆေးမေးမြန်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဇန်န၀ါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ နေပြည်တော် စရဖ ရုံးချုပ်မှသာ လိုအပ်သည့် အချက်အလက်များ တောင်းယူ စစ်ဆေးလျက် ရှိသည်။ အဆိုပါ အောင်ဘာေ လထီရုံးမှ ထီလက်မှတ် နံပါတ်အလှများ အတုထွက်ပေါ်ခြင်း၊ ထီလက်မှတ် ရောင်းရငွေ ဘတ်ဂျက်ငွေကြေးများ စသည့်အပေါ် အမည်မဖော်သူ တစ်ဦး၏ တိုင်ကြားချက်ဖြင့် လာရောက် စစ်ဆေးခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ …

ယင်းကဲ့သို့ လာရောက် စစ်ဆေးခြင်းနှင့် ထွက်ပေါ်နေသည့် သတင်းများအပေါ် ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဗိုလ်ချုပ် လမ်းမပေါ်ရှိ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦးက ““အောင်ဘာလေ ထီရုံးကို လာစစ်တာ သိတယ်။ ကျွန်မတို့ ဆိုင်ကိုတော့ လာမစစ်ဘူး။ ထီရုံးကို စစ်တာတောင် တချို့ ဆိုင်တွေ သိတယ်။ တချို့ ဆိုင်တွေ မသိကြဘူး။ ဒါပေမဲ့ ထီ အရောင်းအ၀ယ်ကတော့ ပုံမှန် ပါပဲ။ ပြောင်းလဲ သွားတာမျိုးတော့ မရှိပါဘူး ””ဟု ပြော သည်။ အေးငြိမ်း ချမ်းသာ ထီဆိုင်(ပင်ရင်း) ပိုင်ရှင်ဖြစ်သူက ““ကျွန်မတို့ဆီ လာမစစ်ဘူး။ ထီရုံးကို စရဖ လာစစ်တာ မသိဘူး။ ထီအရောင်း အ၀ယ်ကလည်း ပုံမှန် လည်ပတ်နေတာပါပဲ””ဟု ဖြေကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အောင်ဘာလေ ထီရုံးချုပ်မှ စီမံဌာန၏ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်သို့ ဆက်သွယ် မေးမြန်းရာ ““ဖြေပေးလို့ မရသေးဘူး။ အဲဒါကလည်း သူတို့က ကျယ်ကျယ်ပြန့်ပြန့် မဖြစ်စေချင်တဲ့ သဘောရှိပါတယ်။ အခုလို လာစစ်တာက ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ကျွန်တော်တို့က လာစစ်လည်း မဟုတ်ဘူးလို့ ပြောလိုက်မှာပေါ့””ဟု ပြောသည်။

အေးမိုးကိုကို
Myanmartandawsint Newspaper