မန္တလေးဘူတာကြီးရှိ ပျံကျဈေးသည်များ ရှင်းလင်းမည်

ပို့စ်တင်ချိန် - 1/11/2014 04:30:00 PM


မန္တလေး၊ ဇန်နဝါရီ ၉

မန္တလေးဘူတာကြီး ရထားတွဲများပေါ်တွင် သစ်သီး၊ ထိုးမုန့်နှင့် မုန့်မျိုးစုံစသည် တို့ကို ရောင်းချနေသည့် ပျံကျဈေးသည် များကြောင့် ခရီးသွားပြည်သူများ အနှောင့်အယှက် ဖြစ်သဖြင့် ယင်းပျံကျ ဈေးသည်များ မရှိသည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးဘူတာကြီး ရုံပိုင်ချုပ်ကြီးက ပြောကြားသည်။

အဆိုပါ ဘူတာကြီးတွင် ဈေးရောင်းချလျက်ရှိသော ပျံကျ ဈေးသည်များကို ယခင်က နှစ်ရက်ခြား တစ်ကြိမ်ခန့် ဖမ်းဆီးအရေးယူလျက် ရှိရာမှ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ နေ့စဉ် ဖမ်းဆီး အရေးယူလျက် ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မန္တလေး ဘူတာကြီးအတွင်းတွင် သစ်သီး၊ ထိုးမုန့်စသည်တို့ ရောင်းချနေသော ဈေးသည် ဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး ယင်းဈေးသည်များကို ရထား လက်မှတ်စစ်များနှင့် ရထား ရဲတပ်ဖွဲ့ဝင်များက နေ့စဉ် ဖမ်းဆီးမှုများ ရှိနေသောကြောင့် တရားဝင် ဈေးရောင်းချခွင့် ရလိုကြောင်း အဆိုပါ ဘူတာကြီးအတွင်း ပျံကျဈေး ရောင်းချနေသူများထံမှ သိရသည်။

“ကျွန်မ ဘူတာကြီးမှာ ဈေးရောင်းနေတာ ၁၆ နှစ်သမီး ကတည်းပါ။ အခု အသက် ၅၀ ကျော်ပါပြီ။ ဈေးရောင်းတာကလွဲရင် ဘာမှမလုပ်တတ်ပါဘူး အခုတစ်နေ့ကို ၁၀ ယောက်လောက်တော့ ဖမ်းပါ တယ်။ လက်မှတ်စစ်က ဖမ်းရင် ၅၀၀၀ လောက်အထိ ဒဏ်ငွေ ရိုက်ခံရပါတယ်။ မီးရထားရဲက ဖမ်းရင် အာမခံမရမချင်း အချုပ်ခံရပါတယ်၊ တရားရုံးအထိ အတင်ခံရရင် တစ်သောင်းခွဲလောက် အထိကုန်ပါ တယ်၊ ဖြစ်စေချင်တာကတော့ သီရိမန္တလာ ကားကြီးကွင်းထဲမှာ ဈေးသည်တွေ နာမည်လေးနဲ့ လည်ပင်းဆွဲပြီး ဘယ်သူမှ မကြောက်ရတဲ့ ဈေးသည် ဖြစ်ချင်ပါတယ်။ အခုတော့ ရောင်းရတာနဲ့ အဖမ်းခံရတာနဲ့ မကိုက်ဘူး ဖြစ်နေလို့ပါ” ဟု ယင်းဘူတာကြီးတွင် သစ်သီးရောင်းချသူ ဒေါ်သန်းနုက ဆိုသည်။

အဆိုပါ ဘူတာကြီးရှိ ရထားများ မထွက်ခွာခင် ရထားတွဲများတွင် လိုက်လံ ရောင်းချနေသည့် ဈေးသည် ၁၀၀ ခန့်ရှိပြီး ရောင်းချခွင့် မပေးထားသဖြင့် တွေ့ရှိပါက ဒဏ်ငွေ ပေးဆောင်စေကြောင်း မန္တလေး ဘူတာရုံပိုင်ချုပ်ကြီးက The Voice သို့ ထပ်မံပြောကြားသည်။
“သူတို့ရောင်းတာက ခရီးသွားတွေ အနှောင့်အယှက် ဖြစ်သလို၊ ရောင်းတဲ့ ပစ္စည်းတွေကလည်း မမှန်ဘူး။ ဒါကြောင့် အဘက်ဘက်ကနေ အနှောင့်အယှက် ဖြစ်စေလို့ တရားဝင် ရောင်းချခွင့်လည်း ပြုမှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ဈေးသည်များ၏ ရောင်းချသည့် ပစ္စည်း အနေအထားပေါ် မူတည်ကာ လိုင်စင်မဲ့ ဈေးသည်အဖြစ် အနိမ့်ဆုံး ကျပ်နှစ်ထောင်မှ တစ်သောင်းကျော် ဒဏ်ရိုက်လေ့ ရှိကြောင်း၊ မန္တလေးဘူတာကြီးတွင် အရောင်းဆိုင်များကို တင်ဒါပေးကာ ဖွင့်လှစ် ရောင်းချခွင့် ပေးထားကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

The Voice Weekly Myanmar