မိုက်ကယ်ဂျက်ဆင်ပြတိုက် ဖွင့်လှစ်မည့် လေဒီဂါဂါ

ပို့စ်တင်ချိန် - 1/11/2014 02:06:00 PM


ပေါင်စတာလင် (၁.၂၅)သန်း တန်ဖိုးရှိ မိုက်ကယ်၏ အသုံးအဆောင် ပစ္စည်း အမျိုးမျိုးကို စုဆောင်းထားသော အဆိုပါ ပြတိုက်ကို ကိုယ်တိုင်ဖွင့်လှစ်ရန် ဂါဂါက စီစဉ်နေခြင်း ဖြစ်သည်။

ကွယ်လွန်သူ Popဂီတ အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသည့် ပြတိုက်တစ်ခုကို လေဒီဂါဂါက ဖွင့်လှစ်ပေးသွားမည်ဟု သိရှိရသည်။ ပေါင်စတာလင် (၁.၂၅)သန်း တန်ဖိုးရှိ မိုက်ကယ်၏ အသုံးအဆောင် ပစ္စည်း အမျိုးမျိုးကို စုဆောင်းထားသော အဆိုပါ ပြတိုက်ကို ကိုယ်တိုင်ဖွင့်လှစ်ရန် ဂါဂါက စီစဉ်နေခြင်း ဖြစ်သည်။ သူမသည် (၂၀၀၉)ခုနှစ်က ကွယ်လွန်သွားသည့် မိုက်ကယ်၏ ပစ္စည်းအတော်များများကို လေလံဆွဲ ဝယ်ယူထားခဲ့သည်။ (၂၀၁၂)ခုနှစ်တွင် ဂါဂါ ပိုင်ဆိုင်ထားသည့် မိုက်ကယ့် အသုံးအဆောင် စုစုပေါင်း (၅၅)ခုထိ ရှိနေပြီဟု နီးစပ်သူ အချို့က ပြောကြားခဲ့ကြသည်။ ယင်းတို့အနက် (၁၉၈၃)ခုနှစ်က မိုက်ကယ်၏ နာမည်ကျော် Thriller သီချင်းတွင် ဝတ်ဆင်ခဲ့သော သားရေဂျာကင်လည်း အပါအဝင် ဖြစ်သည်။

ထို့အပြင် မိုက်ကယ် ဝတ်ခဲ့သည့် Swarovski ပုံဆောင်ခဲလေးများ ကပ်ထားသည့် လက်အိတ်ကိုလည်း ပေါင်စတာလင် (၁၁၇၈၀၀)ထိ ဈေးပေးကာ ဂါဂါက ဝယ်ယူခဲ့သည်။ ဂါဂါက "ဒီပစ္စည်းတွေကို ကျွန်မက ပြတိုက်တစ်ခုအဖြစ် စုစည်းပြသသွားဖို့ ရည်ရွယ်ပါတယ်။ ရလာတဲ့ အကျိုးအမြတ်ကိုတော့ မိုက်ကယ်ကိုယ်တိုင် တည်ထောင်ပေးခဲ့တဲ့ အများအကျိုးပြု ဖောင်ဒေးရှင်း တချို့ကို လှူဒါန်းသွားမှာပါ။ မိုက်ကယ့် အဝတ်အထည်တွေ၊ အသုံးအဆောင်တွေကို ကျွန်မ ဝယ်ယူခဲ့တယ် ဆိုတာက သူနဲ့ပတ်သက်သမျှက ကျွန်မအတွက် အဓိပ္ပါယ် ရှိနေလို့ပါပဲ။ ကျွန်မရဲ့ မှတ်တမ်းစံချိန်တွေ၊ ဆုတံဆိပ်တွေစာရင် ဖျော်ဖြေပွဲတွေမှာ ကျွန်မဝတ်ခဲ့တဲ့ ဖက်ရှင်တွေက ကျွန်မအတွက် ပိုပြီးတော့ အဓိပ္ပါယ် ရှိပါတယ်။ ဒီလိုပဲ မိုက်ကယ်ရဲ့ အဝတ်အစားတွေဟာ သူ့ရဲ့ အမှတ်ရစရာ ပုံရိပ်တွေလို့ ကျွန်မ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ဂါဂါက "ကျွန်မအနေနဲ့ မိုက်ကယ့် အဝတ်အစားတွေကို လေလံဆွဲ ဝယ်ယူခဲ့ပြီးချိန်မှာ အဲဒါတွေကို မပျက်စီး မထိခိုက်အောင် အပူချိန်ကအစ သတိထား ချိန်ညှိခဲ့ပါတယ်။ ကောင်းကောင်းလည်း ထိန်းသိမ်းထားခဲ့တယ်။ ကျွန်မ ငွေသန်းနဲ့ချီပြီး အသုံးပြုခဲ့တာပါ။ တကယ်တော့ မိုက်ကယ့် ပရိသတ်တွေရဲ့ စွမ်းအင်တွေဟာ သူ့ရဲ့ အဝတ်အစားတွေထဲမှာ ကိန်းအောင်းနေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကို ကျွန်မက အလေးအနက် ထိန်းသိမ်းထားဖို့လည်း ရည်ရွယ်တယ်"ဟု ဖွင့်ဟသွားသည်။

Planet Myanmar Network