KIA ၏ ညမထွက်ရအမိန့်ကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်နေ

ပို့စ်တင်ချိန် - 1/11/2014 08:30:00 AM


ကချင်ပြည်နယ် ဆဒုံးမြိုနယ်ခွဲ ဆဒုံး-ဆဂါပါ-ဆမားဟော့-လုံထန်-ရင်းနော့ နယ်စပ်မှတ်တိုင်(၈) ကားလမ်း အား ဇန်န၀ါရီပထမပတ်မှစ၍ ကချင် လွတ်လပ်ရေးတပ်မတော်(KIA) မှ ညမထွက်ရအမိန့်ဖြင့် ဖြတ်သန်း သွားလာခွင့် မပြုသောကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့် နေကြကြောင်း ယင်းဒေသခံတစ်ဦးထံမှ သိရသည်။
``ညနေ ၆ နာရီကနေ နောက်တစ်နေ့မနက်(၆)နာရီအထိ ကားလမ်းကို ဖြတ်သန်းသွားလာခွင့် မပြုဘူး ဆိုပြီး ကချင်စစ်သားတွေ လာပြောတာ တစ်ပတ်လောက်ရှိပြီ´´ ဟု ဆဒုံးမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါကားလမ်းမပေါ်ရှိ ဆဂါပါချောင်းနှင့် ဘွမ်ဝါကျေးရွာကြားတွင် ညပိုင်းအချိန်များ၌ KIA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားလျက်ရှိကြောင်း မျက်မြင်တွေ့ခဲ့ရသော ရွာသားအချို့က ပြောကြားခဲ့သည်။
``အရေးအကြောင်းရှိလို့ သွားမယ်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊ ညနေ ၆ နာရီကျော်ရင် ကားလမ်းကို ဖြတ်သန်းခွင့်မပြုဘူးဆိုတော့ သူတို့ တစ်ခုခုလုပ်ထားလို့ပေါ့။ ကိုယ့်ရွာမှာ ကိုယ်နေ တာတောင် ညမထွက်ရ ဘူးဆိုပြီး အမိန့်ထုတ်ထားသေးတယ်´´ ဟု ဆမားဟော့ရွာသား လထော်က ဆိုသည်။

အဆိုပါကားလမ်းသည် ၀ိုင်းမော်-၀ါရှောင်-ဘွမ်တောင်-ဆဒုံး-ကန်ပိုက်တီး ကားလမ်းမကြီး၏ တောင်ဘက် ဆဒုံး မြို့နယ်ခွဲမှ တရုတ်နယ်စပ်သို့ ဆက်သွယ်ထားသော ကားလမ်းဖြစ်သည်။
``ဒေသခံတွေကို သွားခွင့်မပြုဘူးဆိုတော့ KIA က အဲဒီလမ်းပေါ်မှာ ဘာတွေလုပ်နေလဲ အဖြေက ရှင်းပါတယ်။ ဒီရာသီက သစ်မှောင်ခို၊ ကျွဲနွားမှောင်ခိုတွေ ဖြတ်နေကြတယ်လေ။ တရုတ်ကို ပို့တာပေါ့၊ KIA က ညပိုင်း သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခိုတွေဆီက ဆက်ကြေးတောင်းတယ်၊ သူတို့ ကိုယ်တိုင်လည်း ပို့တယ်။ အဲဒီလို သယ်နေတဲ့အချိန် ဌာနဆိုင်ရာအဖွဲ့တွေ ၀င်မလာနိုင်အောင် မိုင်းထောင်တာနေမှာပေါ့´´ ဟု ဆဒုံးမြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
``ကားလမ်းပေါ်မှာ မိုင်းတွေထောင်တယ်လို့ သိရတယ်။ ညနေ ၆ နာရီကနေ နောက်တစ်နေ့ မနက် ၆ နာရီထိ ဆ၀ါဂါချောင်နှင့် ဘွမ်ဂါရွာကြားမှာ မိုင်းထောင်တယ်။ ပြီးတော့ ပြန်ဖြုတ်သွားတယ်။ ရွာသားတွေ လည်း ကြောက်လန့်နေကြတယ်။ အရေးအကြောင်းကိစ္စရှိလို့ သွားရမယ်ဆိုရင်တောင် မိုင်းနင်းမိ မှာ ကြောက်လို့ မသွားရဲကြဘူး ဖြစ်နေတယ်´´ ဟု ဘွမ်ဝါရွာသားတစ်ဦးက ပြောကြားသွားသည်။


အယ်လ်နော်ဆိုင်း
KDN
Shan News