အန္တရာယ်ရှိသည်ဟု အမေရိကန် သတ်မှတ်ထားသော အကျဉ်းသားများကို အာဖဂန် ပြန်လွှတ်မည်

ပို့စ်တင်ချိန် - 1/11/2014 07:30:00 PM




ကဘူး၊ ဇန်နဝါရီ ၉

လုံခြုံမှုရေးရာ ဘေးအန္တရာယ် ဖြစ်စေသည်ဟု အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားသော အကျဉ်းသား ၈၈ ဦးအနက် ၁၆ ဦးကိုသာ ဆက်လက် ထိန်းသိမ်းရန် အထောက်အထား တွေ့ရှိထားခြင်းကြောင့် ကျန်အကျဉ်းသားများကို ပြန်လွှတ် ပေးမည်ဟု အာဖဂန်သမ္မတ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံ၌ ထိန်းသိမ်းထားသည့် အကျဉ်းသားများမှာ အမေရိကန်နှင့် ညွန့်ပေါင်း တပ်ဖွဲ့ဝင်များကို သတ်ဖြတ် တိုက်ခိုက်ခဲ့သူများ ဖြစ်ပြီး ယင်းတို့ကို ပြန်လွှတ်ပေးရေးကို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း အမေရိကန်က ထုတ်ပြန်ထားသည်။

ဖမ်းဆီးထားသည့် အကျဉ်းသားများအနက် ၇၂ ဦးကို အန္တရာယ် ရှိသူများဟု အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပတ်ကီက ပြောကြားသည်။
“ဒီအကျဉ်းသားတွေက အန္တရာယ်ကြီးတဲ့ ရာဇဝတ်ကောင်တွေပါ။ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်မှု ကျူးလွန်ကြောင်း ခိုင်မာတဲ့ အထောက်အထား ရှိပါတယ်” ဟု ပတ်ကီက ပြောကြားသည်။

အမေရိကန် တပ်ဖွဲ့ဝင်များ အာဖဂန်၌ ၂၀၁၄ ခုနစ်နောက်ပိုင်း ဆက်လက် တပ်စွဲနိုင်ရေး ခွင့်ပြုပေးမည့် လုံခြုံရေး သဘောတူ စာချုပ်ကို အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက လက်မှတ် ထိုးမပေးခြင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြတ်တောက်လုနီးပါး ဖြစ်နေပြီး အကျဉ်းသား ပြန်လွှတ်ရေး လုပ်ဆောင်ချက်ကြောင့် ဆက်ဆံရေး ထပ်မံဆိုးရွားလာမည် ဖြစ်သည်။

လုံခြုံရေး သဘောတူညီချက် စာချုပ်မရှိပါက အာဖဂန်နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ၂၀၁၄ ခုနစ် နောက်ပိုင်းတွင် ရုပ်သိမ်းသွားရမည် ဖြစ်ပြီး အကျဉ်းသားများ ပြန်လွှတ်ပေးမှုကြောင့် သဘောတူညီချက် လက်မှတ် ရေးထိုးမှုအပေါ် သက်ရောက်မှု ရှိနိုင်၊ မရှိနိုင် ဆိုသည်ကို အချိန်က ဖြေကြားသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း အကျဉ်းသား ၈၈ ဦးအနက် ၄၅ ဦးမှာ သက်သေ အထောက်အထား ခိုင်လုံမှုမရှိဘဲ အခြားသော ၂၇ ဦးမှာလည်း အထောက်အထား လုံလောက်မှု မရှိခြင်းကြောင့် တရားစွဲဆိုနိုင်ရန် မဖြစ်နိုင်ကြောင်း အာဖဂန် အစိုးရအဖွဲ့က ထုတ်ပြန်သည်။
“အကြောင်းပြချက် မရှိ၊ တရားစွဲ ဆိုမှုမရှိဘဲ အပြစ်မဲ့ အာဖဂန်ပြည်သူတွေကို လပေါင်း နှစ်ပေါင်း များစွာကြာ ဖမ်းဆီးထားခွင့် မပြုနိုင်ဘူး” ဟု အာဖဂန်သမ္မတ ကာဇိုင်း၏ ပြောရေးဆိုခွင့်ရှိသူ အေမယ် ဖိုင်ဇီက ပြောကြားသည်။

အကျဉ်းသားများကို ဘာဂရမ် စခန်းအတွင်း ဖမ်းဆီးထားမှုသည် အာဖဂန် အချုပ်အခြာ အာဏာကို ချိုးဖောက်မှု ဖြစ်သည်ဟု အာဖဂန် အစိုးရအဖွဲ့က ပြောကြားထားသော်လည်း အကျဉ်းသားများ ပြန်လွှတ် လိုက်ပါက နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်ပြီး အရေးယူမှုအချို့ လုပ်ဆောင်သွားမည်ဟု အာဖဂန်နိုင်ငံသို့ ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်း သွားရောက်ခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် လင်ဆေးဂရာဟန်က သတိပေးထားသည်။

The Voice Weekly Myanmar