ရွှေဘိုပေါ်ဆန်းစပါး တင်းတစ်ရာလျှင် ကိုးသိန်းအထိ စံချိန်တင်ဈေးမြင့်

ပို့စ်တင်ချိန် - 1/11/2014 04:40:00 PM


ရွှေဘို၊ ဇန်န၀ါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း အများဆုံး စိုက်ပျိုးသော ပေါ်ဆန်းဘေးကျား စပါးအသစ် ပေါက်ဈေးမှာ တင်းတစ်ရာလျှင် ကျပ်ကိုးသိန်းအထိ စံချိန်တင် မြင့်တက်လာကြောင်း ဆန်လုပ်ငန်း ရှင်များနှင့် ဆန်ပွဲစားများထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ် စပါးပေါ်ချိန်က ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းအထိ ပေါက်ဈေး ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်ကိုးသိန်းအထိ ပေါက်ဈေး ရှိကြောင်း ရွှေဘိုဆန် ဈေးကွက်အတွင်းမှ သိရသည်။

ဒီဇင်ဘာလကုန်မှစ၍ ပေါ်ဆန်းဘေး ကျားများ ပေါ်လာပြီး ဈေးကွက်တွင် စပါးတင်းတစ်ရာလျှင် ကျပ်ခုနစ်သိန်းခွဲဖြင့် ဈေးဖွင့်ခဲ့သော်လည်း အဝင်စပါး မရှိသည့်အတွက် တင်းတစ်ရာကို ကျပ်ရှစ်သိန်း၊ ရှစ်သိန်းခွဲအထိ တက်လာကြောင်း၊ လက်ရှိစပါးဈေး ကိုးသိန်းထိ တက်လာရာတွင် ပေါ်စ တစ်ရက် တင်းငါးရာနှင့် တင်းတစ်ထောင်ကြား ဝင်ခဲ့ရာမှ စပါး အဝင်များလာကြောင်း ရွှေသီဟ ဆန်စက်ပိုင်ရှင် ဦးအောင်ခန့်က ဆိုသည်။
“ဒီထက် စပါးဈေး တက်မတက်က ခန့်မှန်းလို့ မရတော့ဘူး။ ကိုးသိန်းအထိချက် ချင်းတက်လာမယ်လို့ ထင်မထားတာတောင် အခုအဲဒီလောက် ပေါက်နေတယ်။ ဒီထက်ပိုတက်လာရင် ရွှေဘိုပေါ်ဆန်းက ဈေးမြင့်တော့ ဈေးကွက်ပျောက်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တွင် မြောင်းမြ၊ ပုသိမ် ဆန်ချောတစ်အိတ်လျှင် ၂၆,၀၀၀ ကျပ်ဝန်းကျင် ရှိသော်လည်း ရွှေဘိုပေါ်ဆန်း ဘေးကျား တစ်အိတ်လျှင် ၃၆,၅၀၀ ကျပ်အထိ မြင့်နေသဖြင့် ယခုထက် စပါးဈေး ဆက်မြင့်ပါက ဆန်ဈေးကွက်ကို ထိခိုက် လာနိုင်ကြောင်း ဦးအောင်ခန့်က ဆက်လက်ပြောဆိုသည်။
“အရင်နှစ် ပေါ်ဆန်းဘေးကျား အသစ်ဈေးနဲ့ ဒီနှစ်အသစ်ဈေးက အတော်လေးကွာနေတယ်။ ဒီလိုဈေးမျိုး တစ်ခါမှ မဖြစ်ဘူးဘူး” ဟု ရွှေဘိုမြို့ရှိ ချမ်းသာဆန်ပွဲရုံမှ ပွဲရုံပိုင်ရှင်က ဆိုသည်။

ရွှေဘိုဘေးကျားစပါးသစ် တင်းတစ်ရာလျှင် ကျပ်ကိုးသိန်းဈေး၊ အဟောင်း တင်းတစ်ရာလျှင် ၁၁ သိန်း၊ ဧရာမင်းစပါး တင်းတစ်ရာလျှင် ခြောက်သိန်း ရှစ်သောင်း၊ မနော် တင်းတစ်ရာလျှင် ခြောက်သိန်းသုံးသောင်းဈေး ရှိကြောင်း ရွှေဘို ဆန်ဈေးကွက် အတွင်းမှ သိရသည်။

The Voice Weekly Myanmar