ပေးထားချက် အပြောင်းအလဲ

ပို့စ်တင်ချိန် - 1/05/2014 02:00:00 PM


( ဒီကနေ့ The Voice weekly ဆောင်းပါ။ အတိုက်အခံ အသာစီးရသွားတဲ့အနေအထား ကို မျက်စေ့မှောက်မှာစိုးလို့
သတိပေးလိုရင်းပါ။ အတိုက်အခံက လူထုနဲ့ နိုင်ငံတကာထောက်ခံမှုပို တောင့်တင်းပါတယ်။ အခု ပြောင်းသွားနိုင်တဲ့ ပေးထားချက်အသစ်ကို အမိအရ အသုံးချရင် ဒေါ်စု သမ္မတ ဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ
သက်သက် ညစ်ပတ်တာလို့မြင်နေရင်တော့ ၁။ အခွင့်အရေးလက်လွတ် ဆုံးရှုံးပြီး ၂။ အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရ ခက်နေပါဦးမယ်ဗျ။ တစ်ခါထဲ အကုန်လုံး လျှော့ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ
လက်ခံလိုက်ရုံနဲ့ လုပ်ရကိုင်ရ လွယ်သွားမှာသေချာပါတယ်။ လူထုအကျိုးစီးပွားနဲ့တိုက်ရိုက် ပတ်သက်နေတာမို့ပါ။ နိုင်ငံတော်၊လူထု ၊အစိုးရ ၊တပ်မတော်နဲ့ အတိုက်အခံတို့ အားလုံးအောင်ပွဲခံစေချင်ပါတယ်ဗျာ။ )

ကျွန်တော့် အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်လို့ ကြိုတင်တွက်ဆမိတဲ့ ကိစ္စတွေ
လက်တွေ့မှာ အမှန်တစ်ကယ် ဖြစ်လာနေတော့တော်တော်လေးဝမ်းမြောက်မိပါတယ်။ကိုယ်နိမိတ်ဖတ်တဲ့အတိုင်းဖြစ်လာလို့
ဝမ်းသာခြင်းမဟုတ်ဘဲ ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် မျှော်လင့်ချက်တွေ ပိုရှိလာတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။

ကျွန်တော်က ပရောဟိတ်တစ်ယောက်လည်းမဟုတ်တော့ အနာဂါတ်ကို ကြိုမြင်စရာအကြောင်းလည်း လုံးဝ
မရှိတာအမှန်ပါ။ ဒါပေမယ့် နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ အာရုံစူးစိုက်လေ့လာမှု၊ ဒီမိုကရေစီကို

လိုချင်မြတ်နိုးမှုနဲ့ကိုယ့်တိုင်းကိုယ့်ပြည်ကို နိုင်ငံတကာမှာ ဝင်ဆန့်ပြီး တန်းတူယှဉ်နိုင်တဲ့အနေအထားကို ရောက်လိုတဲ့စိတ် အပြည့်အဝရှိခြင်း၊ အခြေအနေအရပ်ရပ်အပေါ်အပြုသဘောချဉ်းကပ်ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့်
နိုင်ငံရေးအရ ဖြစ်နိုင်ခြေများ၊ အလားအလာများကို
တွက်ဆတဲ့အခါတိုင်းနီးစပ်တာ မှန်ကန်တာမျိုးတွေ ရှိပါတယ်။ ပုဂ္ဂိုလ်
ဂိုဏ်းဂဏ စွဲမရှိတာ

ကိုယ်ကျိုးစီးပွားလုံးဝမပါဝင်တာ လွတ်လပ်စွာ ရပ်တည်ပြီး
အမြင်ရှင်းရှင်းနဲ့ ကြားကျကျရှုမြင် နိုင်ဖို့
အစဉ်သဖြင့် ကြိုးစားအားထုတ်တာတွေကြောင့်လည်းဖြစ်မယ်ထင်ပါတယ်။ ဘာပဲပြောပြော

ကိုယ့်ရပ်တည်ချက်မှန်ကန်တဲ့အတွက် ၊ ယူဆချက်တွေ ဟာ နိုင်ငံနဲ့ လူထုအကျိုးစီးပွားကို

အထောက်အပံ့ဖြစ်စေနိုင်တဲ့အတွက် ဝမ်းသာကြည်နူးရတာအမှန်ပါ။

နိုင်ငံရေးကိစ္စပြောကြရင်
ဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်ရေးဟာသန်းခြောက်ဆယ်သော လူထုရဲ့

အန္တိမရည်မှန်းချက်ဖြစ်ပါတယ်။ဒီမိုကရေစီ ရရှိဖို့
အမှန်ဆုံးနဲ့အမြန်ဆုံးနည်းလမ်းကို သေသေချာချာ
ရှာဖွေကိုင်စွဲ လျှောက်လှမ်းကြဖို့လိုတယ်ဆိုတာ အထူးပြောစရာမလိုပါ။
ဒါပေမယ့် အတိုက်အခံဘက်က

ရပ်တည်ချက် ယူဆချက်တော်တော်များများက လက်တွေ့နဲ့ကင်းကွာပြီး
အလုပ်မဖြစ်ခဲ့တဲ့သင်ခန်းစာတွေ

တစ်ပုံတစ်ပင်ရှိခဲ့ပါတယ်။ ဒီမိုကရေစီသို့ ခရီးလမ်းကို
ပိုမိုရှည်လျားစေတဲ့ ယူဆချက် ရပ်တည်ချက်တွေ
ရှိခဲ့ပါတယ်။ ဒါကလည်း တမင်ရည်ရွယ်ကြတာမဟုတ်ဘဲ အာဏာရှင်စနစ်ရဲ့ ဖိဆီးမှု ဒဏ်က

ပြင်းထန်ခဲ့လွန်းတာ ဖြစ်လေတော့ ဒီမိုကရေစီကို မြန်မြန်ဆန်ဆန်လိုချင်ကြတဲ့

ဇောနဲ့ဆန္ဒတွေကြောင့်သာဖြစ်ပြီး အခုဆိုရင်တော့ လက်တွေ့ကျကျ
ချဉ်းကပ်ဆောင်ရွက်နိုင်မှုတွေ

တိုးပွားလာနေပြီဖြစ်ပါတယ်။အလုံးစုံပြည့်ဝမှန်ကန်တဲ့ မဟာဗျူဟာ
နည်းဗျူဟာများချမှတ်နိုင်ကြဖို့လည်း နီးစပ်လာပြီလို့မျှော်လင်ပပါတယ်။

ကျွန်တော့် တစ်ဦးထဲရဲ့ စိတ်ဆန္ဒထဲမှာ ဒီမိုကရေစီ ဆိုတာနဲ့
တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အမြဲတမ်း
ဦးစားပေးချင်တဲ့ ခံစားမှုရှိပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေဆိုတာ
နိုင်ငံသားအားလုံးအညီအမျှ

ခံစားစံစားဖို့ဆိုတာမှန်ပါတယ်။ ဒါပေမယ့် အာဏာရှင် ခေတ်ဆိုးကြီးတွေရဲ့
ဒဏ်ကို တိုင်းရင်းသားတွေက

ပိုမိုခံစားခဲ့ကြရတယ်လို့ယူဆပြီး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအကြောင်းပြောရင် လူများစု

ဗမာတိုင်းရင်းသားတွေနဲ့ တခြားတိုင်းရင်းသားလူမျိုးစုတွေအကြား ရှိနေတဲ့
အကြိတ်အခဲတွေ

မယုံကြည်မှုတွေတချို့ကို ကျွန်တော်တို့
ချေဖျက်ပစ်ဖို့အရေးတကြီးလိုနေတယ်လို့ယူဆပါတယ်။တစ်ကယ်တမ်းက
ဗမာတိုင်းရင်းသားတွေက တခြားသောတိုင်းရင်းသားတွေအပေါ်မှာ လွန်ကျူးခဲ့ကြတာမဟုတ်ဘဲ
အာဏာရှင်စနစ်ဆိုးများကြောင့်သာ ဒီလို တစ်စိတ်တစ်ဝမ်းထဲ ရပ်တည်လာခဲ့ကြတဲ့
ညီရင်းအစ်ကိုတွေကြား
သွေးစည်းညီညွတ်ခြင်းက လျော့ရဲရဲဖြစ်လာခဲ့ရတာပါ။ ဒါကြောင့်
ဒီမိုကရေစီအခွင့်အရေးတွေဟာ

တစ်ညီတစ်ညွတ်ရရှိဖို့လိုတာမှန်ပေမယ့် တိုင်းရင်းသားလူမျိုးစု
လူနည်းစုတွေကို ပိုပြီး တိုးတက်စေချင်တဲ့
လွတ်လပ်စေချင်တဲ့ စိတ်ဟာ အမှန်တစ်ကယ် စည်းလုံးညီညွတ်မှုကိုတည်ဆောက်လိုတဲ့ ဆန္ဒကြောင့်
ကျွန်တော့်ရင်ထဲမှာ ကိန်းဝပ်နေရတာမှန်းကိုယ့် ဘာသာ ဆန်းစစ်မိပါတယ်။အမှန်တစ်ကယ်

စည်းလုံးညီညွတ်သော ပြည်ထောင်စုသည်သာ ရရှိလာမယ့် ပေါ်ပေါက်လာမယ့်
ဒီမိုကရေစီကို ခိုင်မာဖို့
အာမခံချက်ပေးနိုင်မှာဖြစ်ရုံမက တိုးတက်ဖွံ့ဖြိုးရေး ကိုလည်းအတူတကွ

တည်ဆောက်ရယူနိုင်ဖို့ အာမခံချက်ရှိမယ်လို့ယူဆမိပါတယ်။

အခုပြည်ခိုင်ဖြိုးပါတီရဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ
ထွက်ပေါ်လာတဲ့ကိစ္စကို အဓိက
ပြောလိုခြင်းပါ။ ဆောင်းပါးနှစ်ပုဒ်လောက်မှာ ကျွန်တော် ပြင်ဆင်ရေးနဲ့ပတ်သက်လို့

ခန့်မှန်းပြောဆိုဖူးတာရှိပါတယ်။ နှစ်ဖက် ယုံကြည်မှုကို
ကောင်းကောင်းမတည်ဆောက်နိုင်သေးခင် အစိုးရနဲ့
တပ်ဖက်က လျှော့ပေါ့လိုက်လျောပေးနိုင်တာ အဓိက သုံးချက်လို့ ဖော်ပြဖူးပါတယ်။ ၁။

ပြည်နယ်များအားလုပ်ပိုင်ခွင့်ပိုပေးရေး ၂။ သယံဇာတခွဲဝေမှုကိုပြည်နယ်များ
တိုးတက်ဖွံ့ဖြိုးရေးအတွက်

ရည်ရွယ်ဆောင်ရွက်နိုင်ရေးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက
တိုက်ရိုက်ခန့်အပ်မယ့်အစား

ပြည်နယ်လွှတ်တော်များမှာဆန္ဒမဲနဲ့ရွေးချယ်တင်မြောက်ရေး တို့ဖြစ်ပါတယ်။

အခု ပြည်ခိုင်ဖြိုးရဲ့ ပြင်ဆင်ရေးဆုံးဖြတ်ချက်အရ ဒီအချက်သုံးချက်စလုံးဟာ
အနှေးနဲ့အမြန်အကောင်အထည်ပေါ်တော့မယ့်အရိပ်အယောင်တွေ
မြင်တွေ့ရပါပြီ။အသာစီးရနေတဲ့အနေအထားမှာ အလျော့ပေးမှုကို
အတတ်နိုင်ဆုံးလုပ်ပေးတယ်ဆိုတာကို အရှိအတိုင်းမြင်ကြစေချင်ပါတယ်။ ဒါဟာ
အရင်အာဏာရှင်ခေတ်က အမှားတွေကို တပ်ကရော အာဏာရပါတီကပါ
သင်ခန်းစာအဖြစ်သဘောထားကြောင်း၊ လူထုနဲ့နိုင်ငံတော်အကျိုးစီးပွားကို
အမှန်တစ်ကယ်လိုလားကြောင်း ပြသခြင်းလို့
မြင်ကြစေချင်ပါတယ်။တစ်စုံတစ်ရာအခြေမလှလို့လိုက်လျောတာမဟုတ်တဲ့အပြင်
ကိုယ်ကျိုးစီးပွားတွေအတွက်လည်းမဟုတ်ဘူးဆိုတာ
ယုံကြည်မှုထားကြစေချင်ပါတယ်။တစ်ဖက်ရဲ့ သဘောထားပျော့ပြောင်းလာမှုကို
ကျွန်တော်တို့တတွေ အသိအမှတ်ပြုကြပြီး
အပြုသဘော တုန့်ပြန်သင့်တဲ့အချိန်ကို ကျရောက်နေပြီလို့ယူဆပါတယ်။ပြင်ဆင်ရေး
လိုက်လျောဖို့ အာဏာရပါတီရဲ့ဆုံးဖြတ်ချက်ကို တပ်ရဲ့
ပြင်ဆင်ရေးသဘောထားနဲ့တွဲပြီးစဉ်းစားလိုက်ရင်
အနာဂါတ်အတွက် ရောင်နီသန်းလာပြီလို့ ပြောနိုင်သလို
ကျွန်တော်တို့လျှောက်လှမ်းကြရမယ့် နိုင်ငံရေးလမ်းကြောင်းအတွက်
ပေးထားချက်အပြောင်းအလဲဖြစ်တယ်လို့
ဆိုချင်ပါတယ်။ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး
သူနိုင်ကိုယ်နိုင်( win win ) အောင်ပွဲဆီကို တက်လှမ်းနိုင်ပြီလို့ ဆိုချင်ပါတယ်။

တိုင်းရင်းသားတွေရဲ့
အခွင့်အရေးတွေကိုပို ရစေချင်တဲ့ ကျွန်တော့်ရင်ထဲမှာ အတိုင်းမသိ
ဝမ်းမြောက်ခြင်းဖြစ်ရတဲ့အပြင်
ဒီအတိုင်းဖြစ်လာရင် ဖက်ဒရယ်စနစ်ဆီကိုဦးတည်တဲ့ ကြီးစွာသော အရွေ့တစ်ခု
ပေါ်ထွက်လာမှာလည်းဖြစ် ၊ကျွန်တော်တို့ ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းအတွက်ကြီးစွာသော
အထောက်အပံ့လည်းဖြစ်တယ်လို့ အသေအချာ ယုံကြည်မိပါတယ်။

ပြည်ခိုင်ဖြိုးနဲ့ယှဉ်လိုက်ရင် အတိုက်အခံတို့အနေနဲ့ အမြဲတမ်းခြေတစ်လှမ်း
နောက်ကျနေတယ်လို့ စိတ်မကောင်းစွာနဲ့ပဲ ပြောချင်ပါတယ်။ ပြည်ခိုင်ဖြိုးဟာ
အရင်အစိုးရရဲ့အမွေခံပါတီမို့ အခွင့်အရေးအရ ခြေတစ်လှမ်းသာနေတယ်လို့
ဆိုလိုခြင်းမဟုတ်ပါ။ အခွင့်အရေးအရ လောလောဆယ်မှာ ပြည်ခိုင်ဖြိုးက
သာနေတာကိုဒီနေရာမှာအထူးတလည်ပြောနေစရာမလိုဘဲ ရေရှည်မှာတော့ အခုလို
ခြေတစ်လှမ်းအသာရနေဖို့ သူတို့အနေနဲ့ အသေအလဲ ကြိုးစားရမယ်ဆိုတာ
ပြည်ခိုင်ဖြိုးပါတီဝင်တွေ ကောင်းကောင်းကြီးနားလည်သဘောပေါက်နေပါပြီ။

ကျွန်တော်ပြောချင်တာက မဟာဗျူဟာနဲ့ နည်းဗျူဟာများမှာ အတိုက်အခံတို့
နောက်ကျနေခြင်းကိုဆိုလိုပါတယ်။ အတိုက်အခံဆိုတာက ဒီမိုကရေစီရေးအတွက်
တောက်လျှောက်ကြိုးပမ်းလာခဲ့ကြသူများဖြစ်လေတော့
ဒီလိုအခြေအနေမျိုးဖြစ်နေတာကို ကျွန်တော့်အနေနဲ့
နှစ်သက်သဘောကျလို့မဟုတ်ဘဲ ဒီလိုခြေတစ်လှမ်းနောက်ကျနေတဲ့အခြေအနေမျိုးကို
မမြင်လိုမတွေ့လိုသောကြောင့် ပြောဆ်ုနေခြင်းသာဖြစ်ပါတယ်။ အတိုက်အခံတို့ကို
အသာရစေချင်ပါတယ်။
ဒီမိုကရေစီလိုလားတဲ့ ဘယ်သူကမဆို ဒီလိုဆန္ဒမျိုးသာရှိမှမုချပါ။

ဒါပေမယ့် တစ်ကယ်တမ်းလူထုအကျိုးစီးပွားနဲ့ယှဉ်လိုက်တဲ့အခါမှတော့
သန်းခြောက်ဆယ်သောလူထုကိုသာ
အသာပေးဖို့လိုအပ်တာဖြစ်ပြီး လူထုအကျိုးစီးပွားအတွက်ဆိုရင် ဘယ်ပါတီကသာစေ
ဘယ်ပါတီကနာစေဆိုတာမျိုး တွက်လို့မရတော့ဘဲ နိုင်ငံရေးပါတီများအားလုံးရဲ့
တောင့်တင်းခိုင်မာမှုကို
ကျွန်တော်တို့အားလုံးက လိုလားကြရမှာဖြစ်ပါတယ်။ အတိုက်အခံတို့ကို
ပြည်ခိုင်ဖြိုးထက်စာရင်
စေတနာပိုင်းမှာ ကျွန်တော့်အနေနဲ့ပို
ယုံကြည်မှုရှိတာအမှန်ပါ။ကျန်တဲ့သူတွေလည်း
ဒီသဘောပဲရှိမှာပါ။မတရားတဲ့စနစ်ဆိုးကြီးကို ဘာကိုယ်ကျိုးစီးပွားမှ
မမျှော်ကိုးဘဲ ဝိုင်းဝန်းဖယ်ရှားပစ်ဖို့ကြိုးစားရင်းနဲ့အတိုက်အခံဆိုတာ
ပေါ်ပေါက်လာတာကြောင့်ဖြစ်ပါတယ်။( အာဏာရပါတီမှာက ချော်လဲရောထိုင်တွေ
အများကြီးပါနေတာ အားလုံးသိပြီးသားပါ။ သူတို့ဟာ ဒီမိုကရေစီရေးကို
ဝိုင်းဝန်းဖို့ အမှန်ဆန္ဒရှိရင်လည်း အားလုံးကကြိုဆိုကြမှာဖြစ်သလို
စေတနာမမှန်သူများဟာလည်းမကြာခင်ဘဲ
တစ်နည်းနည်းနဲ့ဘေးရောက်သွားကြမှာအသေအချာပါ။ )

ဒါပေမယ့် အတိုက်အခံတို့ဟာ အမြဲတမ်းခြေတစ်လှမ်းနောက်ကျနေခဲ့ပါတယ်။
အခုဆိုရင် တပ်မတော်က
အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့
ကန့်ကွက်မှာမဟုတ်တဲ့အကြောင်းအတိအလင်းထုတ်ဖော်ပြောကြား ခဲ့တဲ့အပြင်
အာဏာရပါတီကြီးကလည်း
ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အလိမ်မာအပါးနပ်ဆုံးခြေတစ်လှမ်းကို
လှမ်းလိုက်ပါပြီ။ အတိုက်အခံတို့အနေနဲ့
ငြင်းစရာခုံစရာတွေများလာတော့မှာဖြစ်သလို၊ လုပ်နည်းလုပ်ဟန်တွေကို
ဘယ်လိုပြင်ဆင်မလဲဆိုတာနဲ့ပတ်သက်လို့ တော်တော်ကြီး
အလုပ်များတော့မှာဖြစ်ပါတယ်။ငြင်းလည်းငြင်းခုံသင့်
လုပ်နည်းလုပ်ဟန်ပြောင်းဖို့ သုံးသပ်ရင်းအလုပ်လည်းရှုပ်သင့်တာ
အမှန်ပဲဖြစ်သလို အခြေအနေသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် အမြန်ဆုံးလည်း
အားထုတ်သင့်ပါတယ်။

အာဏာရပါတီအနေနဲ့ ၅၉ ( စ ) ပြင်ဆင်ရေးကို အခုလို
ခြေလှမ်းလှမ်းမယ်လို့မျှော်လင့်ခဲ့တာ အနည်းအကျဉ်းသာရှိခဲ့ပါတယ်။
လုံးဝမလိုက်လျောလောက်ဘူးလို့ တွက်ဆထားသူများပါတယ်။ အခု လိုက်လျောမှုဟာ
ငြင်းရခက် လက်ခံရခက်ဖြစ်တယ်လို့ သာမန်အားဖြင့် မြင်လို့ရပေမယ့်
တစ်ကယ်တမ်း ဒီမိုကရေစီဖြစ်ထွန်းရေးဆိုတဲ့အကျိုးစီးပွားနဲ့တွက်ရင်တော့
နိုင်ငံနဲ့လူထုအတွက် မျှော်လင့်ချက်များပိုမိုခိုင်မာစေနိုင်တဲ့
လှေကားတစ်ထစ်ဖြစ်ပါတယ်။ပြည်ခိုင်ဖြိုးအနေနဲ့ အခန့်မသင့်ရင်
အာဏာလက်လွတ်ဖြစ်နိုင်တယ်ဆိုတာ ခန့်မှန်းတွက်ဆမိရက်နဲ့ ဒီမိုကရေစီကို
သူတို့လည်းဦးတည်ပါတယ်ဆိုတာ ပြသခြင်းလည်းဖြစ်ပါတယ်။ အပြောင်းအလဲကို
ပြည်ခိုင်ဖြိုးကလည်း အတတ်နိုင်ဆုံး လိုက်လျောပေးဖို့
လိုက်ပါပြောင်းလဲဖို့လိုလားကြောင်းပြသခြင်းပါ။အတိုက်အခံပါတီကြီးက
လာမယ့်ရွေးကောက်ပွဲမှာ အကြီးအကျယ်အနိုင်ရဖို့ရှိတဲ့ အခြေအနေမှာ
ခုလိုပြင်ဆင်ပေးမယ်ဆိုရင် ပြည်ခိုင်ဖြိုးအတွက်
တစ်ကယ့်စွန့်စားခန်းကြီးဖြစ်ပါတယ်။

ဒေါ်စုနဲ့ပတ်သက်လို့ အလုံးစုံချောမွေ့အောင်ပြင်ဆင်ပေးတာမှမဟုတ်ဘဲလို့
ငြင်းမယ့်သူတွေလည်းရှိနေဦးမှာဖြစ်ပေမယ့် အတိုက်အခံတို့ဖက်က သတိရှိရှိ
အမြော်အမြင်ရှိရှိခြေလှမ်းတွေလှမ်းနိုင်ရင် ဒီမိုကရေစီရေးအတွက် အများကြီး
အကျိုးအမြတ်ဖြစ်ထွန်းနိုင်တဲ့အနေအထားကိုရောက်လာခြင်းပါ။ အထူးသဖြင့်
တပ်နဲ့ပတ်သက်တဲ့ အတိုက်အခံတို့ရဲ့ နည်းဗျူဟာများကို ပြန်လည်သုံးသပ်ပြီး
တစ်ဆစ်ချိုးပြောင်းလဲပစ်သင့်တဲ့
အချိန်အခါလို့ယူဆပါတယ်။အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်
လောလောဆယ်တပ်နဲ့ အာဏာရပါတီတို့ရဲ့ ခြေလှမ်းတွေက
များစွာအပြုသဘောဆောင်တယ်ဆိုတာ အထူးဂရုပြုကြစေချင်ပါတယ်။ု အတိုက်အခံ ကနောက်ထပ် လှမ်းတော့မယ့်ခြေလှမ်းတွေကို ပိုမိုဂရုစိုက်ရတော့မယ့်အချိန်၊အရင်ထက်ပိုပြီးအပြုသဘောပိုမိုရှုမြင်လက်ခံဖို့
ရင်ကြားစေ့ရေးကိုကျော်လွှားပြီးသွေးစည်းညီညွတ်ရေးဆီတက်လှမ်းနိုင်မယ့်
အနေအထားသစ်ဆိုတာကို သိမြင်လက်ခံဖို့ တော်တော်
အရေးကြီးတဲ့အနေအထားဖြစ်လာပါပြီလို့ ဆိုပါရစေ။

လက်ရှိအနေအထားဟာ ဒီမိုကရေစီရေးအတွက်အရေးပါဆုံး အခြေခံအကျဆုံးရင်ကြားစေ့ရေးအဆင့်ကို ကျော်လွှားပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်
ခြေလှမ်းသစ်တွေလှမ်းနိုင်ဖို့ အခွင့်အလမ်းသစ်ဆိုတာ သတိထားမိကြစေချင်ပါတယ်။အတိုက်အခံတို့လှမ်းမယ့်ခြေလှမ်းများကို အရင်ထက်ပို ဂရုတစိုက်နဲ့ မှန်မှန်ကန်ကန်လှမ်းနိုင်မယ်ဆိုရင် နိုင်ငံတော်နဲ့ လူထုအတွက်ကြီးစွာသောအကျိုးအမြတ်များဖန်တီးနိုင်မယ့်အနေအထားသစ်ဖြစ်ပါတယ်။

ရှေ့မှာပြောခဲ့သလို အတိုက်အခံတို့ အမြဲတမ်းခြေတစ်လှမ်းနောက်ကျနေခြင်းဟာ
အဓိက အကြောင်းရင် တစ်ခုပဲရှိပါတယ်။ စံနှုန်းအခြေပြု မဟာဗျူဟာကို
ကျင့်သုံးခဲ့ခြင်းကြောင့်ပါ။
လူထုကိုနာစေလိုတဲ့သဘော ဒီမိုကရေစီကို ကြာစေလိုတဲ့သဘော မဟုတ်ဘူးဆိုတာ
အထူးပြောနေစရာမလိုပါဘူး။
ဒီမိုကရေစီကို အမြန်ဆုံးပေါ်ပေါက်စေလိုတဲ့ ဆန္ဒကြောင့် သာဖြစ်လို့
အပြစ်တစ်ခုလို့လည်း လုံးဝမဆိုနိုင်ပါဘူး။ အမှားလို့လည်းမဆိုနိုင်ပါ။
ဒါပေမယ့် လက်တွေ့အခြေအနေများက စံနှုန်းပြည့်
ဒီမိုကရေစီကို ကျွန်တော်တို့ ချက်ချင်းထူထောင်ရရှိဖို့
အဟန့်အတားဖြစ်နေသေးတာကြောင့် အခက်အခဲ အမြောက်အများကို ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းခဲ့ကြရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ ခရီးတလျောက် အားနည်းချက်အားသာချက်များကိုပြန်လည်သုံးသပ်
သင်ခန်းစာယူနိုင်ကြရင် ဘယ်သူ့ကိုမှ အပြစ်တင်နေစရာမလိုတော့တဲ့အပြင်
အမြတ်တွေမဟုတ်ခဲ့ရင်တောင်မှ အရှုံးတွေ လုံးဝမဟုတ်ခဲ့ဘူးလို့
ဆိုနိုင်မှာဖြစ်ပါတယ်။စံနှုန်းပြည့်ဒီမိုကရေစီကို ကျွန်တော်တို့ရဲ့အန္တမရည်မှန်းချက်အဖြစ်
မဖြစ်မနေ ထားရှိရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့အခြေအနေတွေ
ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲနေတဲ့အတိုင်း ဒီမိုကရေစီကို လက်တွေ့ကျကျ
တစ်ဆင့်ချင်းတည်ဆောက်ယူကြဖို့ လူထုနဲ့အတူတူ သက်ဆိုင်သူအားလုံးကရည်မှန်းလိုက်တာနဲ့
ရှေ့ခရီးလမ်းကြောင်းကြီးတစ်ခုလုံးက
သေချာပေါက်ချောမွေ့ဖြောင့်ဖြူးမှာဖြစ်ပြီး ဒီမိုကရေစီကိုလည်း
မျှော်မှန်းတာထက် ပိုမိုမြန်ဆန်စွာတည်ဆောက်နိုင်မှာဖြစ်တယ်ဆိုတာကို
အခုလို ထူးခြားတဲ့ အခြေအနေအချိန်အခါမျိုးမှာ၊
ပေးထားချက်များပြောင်းလဲလာတဲ့ အနေအထားသစ်မှာ လေးလေးနက်နက်
တင်ပြခွင့်ပြုပါ။ ။
ပိုက်တင်