တရုတ်မှသွင်းသော ကန့်မည်း ကွန်တိန်နာ အတွင်း သဲများသာတွေ့

ပို့စ်တင်ချိန် - 1/05/2014 04:00:00 PM

ရန်ကုန်၊ ဇန်နဝါရီ ၎

တရုတ်နိုင်ငံမှ တင်သွင်းလာသော ကန့်မည်း (Black Sulphur) ကွန်တိန်နာတွင် သဲများသာ ပါဝင်ကြောင်း ထီးတန်းဆိပ်ကမ်းတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရှိထားကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

အဆိုပါပစ္စည်းအမည် လွဲပါလာသော ကွန်တိန်နာကို လက်ရှိတွင် ဓာတ်ပုံရိုက်၊ မှတ်တမ်းယူကာ အကောက်ခွန် ဦးစီးဌာနက ထိန်းသိမ်းထားကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
"ဒီလိုပစ္စည်းအမည် လွဲတဲ့အခါမှာ ကိုယ့်ဘက်က ဆုံးရှုံးမှု မရှိအောင် ဘယ်လို လုပ်ရမလဲ ဆိုတာက တင်ပို့တဲ့ ပြည်ပကုမ္ပဏီနဲ့ တင်သွင်းတဲ့ပြည်တွင်း ကုမ္ပဏီကြားမှာ ဘယ်လိုသဘော တူထားသလဲဆို တာအပေါ် မူတည်တယ်" ဟု ၄င်းကဆိုသည်။

ပြည်ပမှ ကုန်ပစ္စည်းများ မှာယူ တင်သွင်းသည့်အခါ ပစ္စည်းအမည်လွဲခြင်း၊ ပမာဏ လျော့ခြင်းနှင့် ပစ္စည်းမပါ လာခြင်းတို့ ဖြစ်လေ့ရှိပြီး ယင်းသို့ဖြစ်ရာတွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကွန်တိန်နာများတွင် အဖြစ်များကြောင်း အကောက်ခွန်အေးဂျင့် တစ်ဦးက ဆိုသည်။
"ဒီလိုမျိုး ဖြစ်ရတာက LC (Letter ofCredit) နဲ့ မလုပ်လို့ ဖြစ်ရတာ။ LC Payment System က အကောင်းဆုံးပဲ။ ဒါပေမဲ့ဒီမှာက LC နဲ့လုပ်တဲ့အခါ အမျိုးမျိုး ရစ်ကြလွန်းလို့ ကုန်သည်တွေက မခံနိုင်ဘဲ TT (Telegraphic Transfer) ကို တောင်းဆိုပြီး လွယ်သလို လုပ်ကြရင်း အခုလိုဖြစ်ရတာ" ဟု ၄င်းက ဆိုသည်။

ပြည်ပနိုင်ငံမှ ကုန်ပစ္စည်း မှာယူသည့် အခါ LC စနစ်နှင့်ပြုလုပ်ပါက ပစ္စည်း အမယ်လွဲမှား မှုရှိလျှင်လည်း ငွေ ကြိုတင် မပေးထားသည့်အတွက် တစ်ဖက်ကုမ္ပဏီ နှင့် ဖြေရှင်းရန် လွယ်ကူသော်လည်း TT စနစ်မှာမူ ငွေကြိုတင်ပေးထားရသည့် အတွက် ပစ္စည်းအမယ် လွဲမှားသည့်အခါ ပြည်တွင်းလုပ်ငန်းရှင် များသာမက အကောက်ခွန်အေးဂျင့် များပါ ထိခိုက်စေကြောင်း ၄င်းက ဆိုသည်။

ကုန်ပစ္စည်းအမယ် လွဲမှားနေပါက ယင်းသို့ လွဲမှားကြောင်း သက်သေ အထောက်အထား နှင့်တကွ သက်ဆိုင်ရာ နိုင်ငံသံရုံးသို့ သွားရောက်ကာ အဆိုပါကုမ္ပဏီနှင့် ဆက်သွယ်၍ နှစ်ဖက်ကုမ္ပဏီ ချင်း ပြဿနာကို ဖြေရှင်းရမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

"ဒီလို ပစ္စည်းလွဲလာပြီ ဆိုရင် ကျွန်တော်တို့က မိအေးနှစ်ခါနာ ဖြစ်နေပြီ။ အစိုးရအနေနဲ့ တစ်ခုခု တောင်းဆိုဖို့လို အပ်တယ်။ LC က ကောင်းပေမယ့် ဒီမှာက အလုပ်လုပ်ရတာ ပိုလွယ်တဲ့ TT ကိုပဲ သုံးကြတယ်" ဟု ဝါရင့် အကောက်ခွန်အေးဂျင့် တစ်ဦးက ဆိုသည်။

The Voice Weekly Myanmar