မီးဖွားသူ အနွေးဓာတ်ရရှိရန် မီးသွေးမီးဖို ထားရှိခဲ့ရာမှ လူသုံးဦး သတိလစ်ပြီး လူတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 1/05/2014 03:30:00 PM


သတင်း၊ ကိုတိုးကြီး
ဇန္န၀ါရီ ၃
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခိုပဲဝရပ်ကွက်တွင် မီးဖွားသူ အနွေဓာတ်ရရှိရန် အခန်းအတွင်း မီးသွေးမီးဖို ထား ရှိခဲ့ရာမှ လူသုံးဦး သတိလစ်မေ့မျှောနေခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ရသည့်အတွက် ဟုမ္မလင်းမြို့မရဲစခန်းက ယခုလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်က သေမှုသေခင်းရေးဖွင့်၍ စီစစ်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဟုမ္မလင်းမြို့၊ ခိုပဲဝ ရပ်ကွက်နေ ဦးကျော်သောင်း၏ သမီး မစုလှိုင် ဆိုသူသည် ဒီဇင်ဘာ ၂၉ ရက်နေ့က အာရ်စီ တစ်ထပ် တိုက်တန်း အခန်းအကျယ် (၁၀)ပေပတ်လည်၊ အမြင့် (၁၄)ပေရှိ၊ နေအိမ်တိုက်ခန်းအတွင်း၌ မီးဖွားခဲ့ရာ မိခင်ဖြစ်သူ ဒေါ်တင်မြနှင့် သမီးဖြစ်သူ မနွေးသီရိထွန်း ဆိုသူတို့က မီးဖွားသူအား ကူညီစောင့်ရှောက်ရန် အဆိုပါ တိုက်ခန်းအတွင်းရှိနေ စဉ် မီးဖွားသူ အနွေးဓာတ်ရရှိရန် မီးသွေးမီးဖိုအား မွှေးထားခဲ့ခြင်းဖြစ်ကြောင်း သေဆုံး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ထို့နောက် ယခုလ ၂ ရက်နေ့ မနက် ၁၀ နာရီက ဖခင်ဖြစ်သူ ဦးကျော်သောင်းမှ နေအိမ်တိုက်ခန်း တံခါးအား ဆွဲဖွင့်ကြည့်ခဲ့ ရာ မီးဖွားသူ၏ တိုက်ခန်းအတွင်းရှိ လူသုံးဦးမှာ သတိလစ်မေ့မျှောနေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသနိုင်ရန် အချိန်မီပို့ဆောင်ပေးခဲ့ရာ ဒေါ်တင်မြ အသက်(၆၅)နှစ်ဆိုသူမှာ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သေမှုသေခင်းဆိုင်ရာ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြား သည်။
ထို့ကြောင့် အဆိုပါ လူသေဆုံးရခြင်းအား ဟုမ္မလင်းမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/ ၂၀၁၄ အရ အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဟာဂျူလီ ကသာ