ရန်ကုန် ဘုရင့်နောင်တံတား အမှတ်(၂) ၇၅ရာခိုင်နှုန်း ကျော်ပြီးစီး

ပို့စ်တင်ချိန် - 1/05/2014 04:30:00 PM


ရန်ကုန် ဇန်နဝါရီ ၅

ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးသို့ ကုန်စည် စီးဆင်းမှုနှင့် ကူးလူးဆက်ဆံ သွားလာမှုများ အဆင်ပြေ ချောမွေ့ လွယ်ကူစေရန် ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ အထူး စီမံကိန်းကြီး အဖွဲ့(၅)မှ တာဝန်ယူ တည်ဆောက်လျက် ရှိသော ရန်ကုန်မြို့ရှိ လှိုင်မြစ်ကို ဖြတ်သန်းကာ တည်ဆောက် နေသော ဘုရင့်နောင် တံတားအမှတ် (၂)စီမံကိန်းသည်၇၅ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါ တံတား တည်ဆောက်ရေး စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ စတင်၍ ပန္နက်တင်ကာ ယခင်ဘုရင့်နောင် တံတားအမှတ်(၁)နှင့် ယှဉ်တွဲလျက် မြစ်ညာဘက်မှ ပေ ၂ဝဝအကွာတွင် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ ပင်မတံတားမှာ အုတ်မြစ်နှင့် အောက်ထည် Bored Pile နှင့် R.C.D ဖြစ်ပြီး အပေါ်ထည်မှာ သံမဏိ သံပေါင်တံတား အမျိုးအစား ဖြစ်သည်။ ချဉ်းကပ် တံတားမှာ အုတ်မြစ်နှင့် အောက်ထည်မှာ Bored Pile ဖြစ်ပြီး အပေါ်ထည်မှာ P.C Girder + RC Concrete အမျိုးအစားဖြစ်သည်။ ချဉ်းကပ် တံတား အရှည်မှာ မရမ်းကုန်းမြို့နယ် ဘက်ကမ်းမှ ၈၁၉ ဒသမ ၃၆၄ ပေဖြစ်ပြီး လှိုင်သာယာ ဘက်ကမ်းမှ ၁၆၅၇ဒသမ ၁၃၄ ပေရှည်သည်။ ပင်မ တံတား အရှည်မှာ ၁၆၂၈ ဒသမ ဝ၃ ပေဖြစ်ပြီး စုစုပေါင်း တံတားအရှည်မှာ ၄၁ဝ၄ ဒသမ ၅၃ပေ ရှိသည်။

လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၆ ပေရှိပြီး ၄၈ ပေကျယ်ကာ ကားလမ်းအကျယ်လေးလမ်းသွားဖြစ်သည်။ မော်တော်ယာဉ်တစ်စီးချင်း အလိုက် ၇၅ တန်ထိ တင်ဆောင် နိုင်ပြီး ဖြတ်သန်းသွား လာနိုင်သည်။ ယခုအခါ တွင် လူအင်အား၊ စက်အင်အား တို့ဖြင့် နေ့ ညမပြတ် အင်အား အပြည့်အဝသုံးကာ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ပထမပတ်ထိ ၇၅ ရာခိုင်နှုန်း ခန့်ပြီးစီး နေပြီဖြစ်၍ လာမည့် ဇူလိုင်လတွင် အပြီး တည်ဆောက်သွားရန် သတ်မှတ် ကာလအဖြစ် သတ်မှတ်ထားကြောင်း တာဝန်ရှိ သူများထံမှ သိရသည်။

လှိုင်သာယာဘက် ကမ်းနှင့် မရမ်းကုန်း ဘက်အခြမ်းတို့ တစ်ဆက်တစ်စပ်တည်း ဆက်သွယ်နိုင်ရန် အတွက် ရေလယ်တိုင်များ တည်ဆောက်ပြီးစီးပြီ ဖြစ်ရာ ရေလမ်း ကြောင်း ပိတ်ဆို့ ဆောင်ရွက်မှု အပေါ် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၇ရက်တွင် ဘုရင့်နောင် တံတားအမှတ်(၂) စီမံကိန်းရှင်း လင်းဆောင်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)
ဧရာဝတီ သတင်း