တောင်ကုတ်ဇာတိ တော်လှန်ရေးသမား ဦးရွှေဒေါင်းဗိုလ် ကွယ်လွန်

ပို့စ်တင်ချိန် - 1/23/2014 11:47:00 AM


(နိရဉ္စရာ- ၂၃ ဇန်န၀ါရီလ ၂၀၁၄)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ဇာတိ ရခိုင့်တော်လှန်ရေးသမား ဦးရွှေဒေါင်းဗိုလ်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်ရှိ ခရစ်ယာန် ဆေးရုံတစ်ခုတွင် ယမန်နေ့က ကွယ်လွန်သွားခဲ့သည်။

ကွယ်လွန်ချိန်တွင် ဦးရွှေဒေါင်းဗိုလ်မှာ အသက် (၆၃) နှစ်ရှိပြီး အသည်းရောင် အသားဝါရောဂါဖြင့် ယမန်နေ့ညနေ ၉ နာရီခန့်တွင် ဒူလာဇရပ် ခရစ်ယာန်ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီချောင်း၊ ရွာမတိုက်နယ်ဇာတိ ဖြစ်သော ဦးရွှေဒေါင်းဗိုလ်သည် အသည်းရောင်ရောဂါ ခံစားရသည်မှာ ကြာနေပြီ ဖြစ်ကြောင်း၊  ဆေးရုံသို့ တင်ပို့မူ နောက်ကျသဖြင့် ဆရာဝန်များမှ ကြိုးစား ကုသခဲ့သော်လည်း ရောဂါလွန်နေပြီ ဖြစ်သည့်အတွက် ကွယ်လွန် သွားခြင်းဖြစ်ကြောင်း သူ၏ လုပ်ဖေါ်ကိုင်ဘက်များက ပြောသည်။

ဦးရွှေဒေါင်းဗိုလ်မှာ ၁၉၇၈ ခုနှစ်မှစပြီး ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP)တွင် စတင်ပါဝင်ခဲ့ပြီး ၁၉၈၆ ခု ဧပြီလ ၂၈ ရက်နေ့ မင်းပြားမြို့ကို ACP မှသိမ်းယူပြီးနောက် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး  သေဒဏ်ချမှတ်ခံခဲ့ရသည်။

သူသည် ၁၉၈၈ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်စိန်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ထွက်လာကာ ACP  ပါတီတွင် ပြန်လည် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို စုစည်းသောအခါ  ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး တပ်ဦး (NUFA)  တွင် ပါဝင်လာခဲ့သည်။ တပ်ဦးအား ပါတီအဖြစ် ပြောင်းလဲပြီးနောက် ရခိုင်ပြည် အမျိုးသားညီညွှတ်ရေးပါတီ (NUPA) တွင် ဆက်လက် တာဝန်ထမ်းဆောင်နေစဉ် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘင်ဒရိုဘင်ခရိုင် မန်းစရီ ကျေးရွာအနီးတွင် ဘင်္ဂလာအစိုးရ၏ ဖမ်းဆီးမှုကိုခံရပြီး ထောင် (၅) နှစ်ချခံခဲ့ရသည်။

ဘင်ဒရာဘင် ထောင်မှလွတ်လာပြီးနောက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)တွင် ဗဟိုကော်မီတီ အဖွဲ့ဝင် တစ်ဦးအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ရခိုင်တပ်မတော်မှ လက်နက်များ သိမ်းယူသွားခဲ့သည့် အချိန်ထိ စခန်းတွင်းတွင် နောက်ဆုံး အချိန်ထိ ရှိနေခဲ့သူ ဖြစ်သည်။

၎င်းနောက်ပိုင်း ဘင်ဒရိုဘင်ခရိုင်တွင် ဆေးဆရာ အဖြစ် ဘ၀ကို ကြံ့ကြံ့ခံ ရပ်တည်နေချိန်တွင် ၎င်းဒေသမှ ရခိုင် (မာရမာ) အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ကျကာ သမီး (၂) ဦး ထွန်းကားခဲ့သည်။ သမီးကြီး ဦးငွေသိန်း (၈) နှစ်၊ သမီးငယ် ခိုင်ရွှေနု(၄) နှစ်နှင့် ဇနီး ဖြူမဦးတို့ ကျန်ရစ်ခဲ့သည်။

ဦးရွှေဒေါင်းဗိုလ် ရုပ်အလောင်းအား ယနေ့ညနေတွင် ဘင်ဒရာဘင်ခရိုင် ကျောက်ကြီးကျေးရွာတွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင့်တော်လှန်ရေးတွင် နောက်ဆုံးအချိန်ထိ သူ၏ ယုံကြည်ချက်အတိုင်း ပေးဆပ်ခဲ့သူ ဦးရွှေဒေါင်းဗိုလ် ကွယ်လွန်သွားသည့်အပေါ် မိသားစုများနှင့်သော်၎င်း၊ သူ၏ လုပ်ဖေါ်ကိုင်ဘက်များနှင့် သော်၎င်း ထပ်တူဝမ်းနည်းရပါကြောင်း နိရဉ္စရာမှ မှတ်တမ်းတင်အပ်ပါသည်။

Narinjara နိရဉ္စရာ