ရန်ကုန်နှင့် မန္တလေးရှိ ကျူးများကို အစိုးရက အင်အားသုံးပြီး ဆက်တိုက်ရှင်း

ပို့စ်တင်ချိန် - 1/23/2014 05:50:00 PM


ရန်ကုန်နှင့်မန္တလေးမြို့ ကြီးများရှိ ကျူးကျော်အိမ်ရာများကို အစိုးရက ယခုလအတွင်း အင်အားသုံး ဖယ်ရှား မှုများ ဆက်တိုက်ပြုလုပ် နေပြီ ဖြစ်သည်။

အထူးသဖြင့် နိုင်ငံတော်၏ စီမံကိန်းနယ်မြေများနှင့် နီးစပ်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူနေချိန်တွင် သက်ဆိုင်ရာမြို့များ၏ မြို့အင်္ဂါရပ်နှင့် ညီစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများမှ ကျူးကျော်များကို စတင်ဖယ်ရှားရန် သက်ဆိုင်ရာဝန်ကြီးဌာနများအပါအ၀င် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းပြီး အင်အားသုံးဖြေရှင်းရန် စီစဉ်နေရခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

““ဖယ်မယ်ဆိုရင်လည်း သူတို့ကို ကြိုတင်အကြောင်းကြားပါတယ်။ အခုဖြစ်နေတဲ့ပြဿနာက ဘယ်ကလာမှန်းမသိတဲ့ နေ့ချင်းညချင်း တဲတွေလာဆောက်တဲ့ တဲတွေကို ဖယ်ရှားရာမှာ အခက်အခဲတချို့ရှိတယ်””ဟု အထက်ပါညွှန်ကြားရေးမှူးကဆိုသည်။

အစိုးရက ယခုလ ၁၄ ရက်မှ စတင်ပြီး တွံတေး-ရန်ကုန်ကားလမ်းမပေါ်ရှိ ကျူးကျော်တဲအလုံးရေထောင်ချီကို ဒေသခံများနှင့် သက်ဆိုင်ရာအာဏာပိုင်များက စတင်ဖယ်ရှားခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၂၁ရက် တွင် ကျူးကျော်တဲအလုံးရေ ၁၃၀ ကျော် ရှိသည့် လှိုင်သာယာမြို့နယ် (၁၉)ရပ်ကွက်တွင် သက်ဆိုင်ရာက အင်အားသုံးပြီး ဖယ်ရှားခဲ့သည်။ ဇန်န၀ါရီ ၂၂ ရက်တွင်လည်း လှိုင်သာယာမြို့နယ်၌ပင် ရွှေလင်ဗန်း စက်မှုဇုန်အနီးရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနပိုင်မြေ၌ ဆောက်လုပ်ထားသည့် ကျူးကျော်တဲအလုံးရေ တစ်ထောင်ဝန်းကျင် စတင်ဖယ်ရှားခဲ့သည်။

““တာဝန်အရ လုပ်တာပါ။ ကျူးကျော်တွေကို နေရာဖယ်ပေးဖို့ သုံးကြိမ်စာ ထုတ်ပြီးပါပြီ။ ဖယ်ရှားတဲ့အချိန်မှာ သူတို့ပစ္စည်းတွေ ပျက်စီးမှုမရှိအောင်လို့ သေချာလုပ်နေပါတယ်”” ဟု လှိုင်သာယာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်စိုးကပြောသည်။

ယခု ဇန်န၀ါရီ နောက်ဆုံးပတ်အတွင်း ရန်ကုန်မြို့ သီလ၀ါနယ်မြေရှိ ကျူးကျော်များနှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်တဲများအားလုံးကို ဖယ်ရှားရန် စီစဉ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံမှ သတင်းရရှိသည်။

ရန်ကုန်အပြင် မန္တလေးတွင်လည်း ဧရာဝတီမြစ်ကမ်းဘေးတာ ပေါင်ကျိုးအနီးရှိ ကျူးကျော်နေအိမ်အလုံး ၇၀ ကျော်ကို ဇန်န၀ါရီ ၂၀ ရက်က စတင်ဖယ်ရှားရှင်းလင်းခဲ့သည်။ အဆိုပါ ကျူးကျော်အိမ်များကို ဖယ်ရှားရာတွင် အစိုးရကရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ဆောင်လာသည့် ဒေသခံရွာသားများအ ပါအ၀င် အင်အားထောင်ကျော်ဖြင့် နာရီပိုင်းအတွင်းဖယ်ရှားရှင်း လင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ကျုးကျော်တဲများတွင် နေထိုင်သူအချို့ကဆိုသည်။

ဆက်လက်ပြီး ကျုးကျော်တဲများကျန်ရှိနေသည့် မြန်မာနိုင်ငံမှ မြို့ကြီးများအချို့တွင် အင်အားသုံးဖယ်ရှားမှုများ ဆက်တိုက်ပြုလုပ်မည်ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ လက်ရှိအစိုးရ လက်ထက်တွင် ကျုးကျော်အိမ်အများအပြား ပေါ်ပေါက်လာသဖြင့် အချို့သောနေရာများ၌ လာရောက် ကျူးကျော်နေထိုင်သူများနှင့် ဒေသခံများအပါအ၀င် ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခအသွင်ဆောင်သည်အထိ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

အများစုမှာ အမှန်တကယ် နေစရာမရှိသည်ထက် မြေနေရာဦးချင်သူများ၊ မြေယာလျော်ကြေးလိုချင်သူများ လာရောက်နေထိုင်ကြခြင်းဖြစ်ပြီး နောက်ကွယ်မှ အားပေးအားမြှောက်အချို့လည်း ရှိနေသည်ဟု အစိုးရက ပြောဆိုဝေဖန်ထားသည်။

7day Daily