ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းရင် ပဋိပက္ခ ပိုကြီးနိုင်

ပို့စ်တင်ချိန် - 1/23/2014 03:23:00 PM

Thai Protest

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နဲ့ အနီးအနားဝန်းကျင်ခရိုင်တွေမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပေမယ့် ထောင်နဲ့ချီတဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ပညာရှင်တွေကတော့ အစိုးရဟာ အရေးပေါ်ဒီဂရီက ပေးတဲ့သြဇာကို သတိထား သုံးစွဲသင့်တယ် အကြမ်းဖက်မှု ဖန်တီးသူတွေကို ထိန်းချုပ်ဖို့ပဲ သင့်လျော်သလို သုံးသင့်တယ် ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ သုံးရင်တော့ ပဋိပက္ခတွေ ပိုကြီးပြီး ၀ရုန်းသုန်းကား ပိုဖြစ်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းကစခဲ့တဲ့ ဆန္ဒပြမှုတွေက ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ရာထူးက ထွက်ပေးရေး တောင်းဆို နေခဲ့ပါတယ်။

အစိုးရအပေါ် ဖိအားတွေတိုးရေး ရည်မှန်းပြီး ဆန္ဒပြသူတွေက ဇန်န၀ါရီ ၁၃ ရက်နေ့ကစပြီး ဘန်ကောက်မြို့ရဲ့ အဓိကလမ်းဆုံတွေကို ပိတ်ချရင်း စခန်းချနေခဲ့ကြတာ ဖြစ်ပါတယ်။

လာမဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျင်းပ ပြုလုပ်မည် ရွေးကောက်ပွဲကို နှောက်ယှက်မယ်လို့ ဆန္ဒပြသူတွေက ခြိမ်းခြောက်ထားလို့ မြို့တွင်းလုံခြုံရေး တင်းကျပ်ထားတယ်လို့ အစိုးရက ပြောပေမယ့် ရဲတွေနဲ့ စစ်သားတွေကို မြို့ထဲမှာ အင်အားပြထားတာ မတွေ့ရပါဘူး။

ဝန်ကြီးတွေက ဆန္ဒပြစခန်းတွေကို ရှင်းလင်းဖို့ အစီအစဉ် မရှိသေးပေမယ့် အကြမ်းဖက်မှုတွေ တိုးလာမှာကို တားချင်တယ်လို့ ပြောပါတယ်။

သမာဆတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနရဲ့ ပါမောက္ခ ချိုင်ဝပ် စာသာအာနန်ကတော့ ရွေးကောက်ပွဲကို အတင်းတွန်းလုပ်ရင် ပိုပြီး မတည်ငြိမ်တဲ့ အစိုးရသစ်ကို ရလာမယ်။ ဒါဟာ ပြဿနာလို့ လူအများကြီးက တွေးနေပေမယ့် ဆန္ဒပြသမားတွေအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဖိအားပေးနိုင်တဲ့ အခွင့်အရေးကောင်း ဖြစ်လာလိမ့်မယ်လို့ ကျနော် ထင်တယ်။ သူတို့ဟာ ရေတိုအစိုးရပဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရေးဆန္ဒပြမှုတွေဟာ အရှိန်အမြင့်ဆုံးအချိန်မှာ လူ ၂ သိန်းလောက်ထိ ရှိပြီး များသောအားဖြင့် ငြိမ်းချမ်းပါတယ်။ ဆန္ဒပြမှုတွေကြောင့် တချို့ကိုယ်စားလှယ်တွေ မှတ်ပုံမတင်ခဲ့လို့ လွှတ်တော်ဖွင့်ဖို့ လိုတဲ့အရေအတွက် ပြည့်မီမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

အတွင်းရေးမှူးချုပ် ပူချွန် နုထရာဝမ်ကတော့ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်မှုမရှိတဲ့ မဲဆန္ဒနယ်မြေ ၂၈ ခု ရှိပြီး တချို့ မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်တယောက်ပဲ ရှိတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကို နောက်ဆုတ်နိုင်မလားဆိုတာအပေါ် အခြေခံဥပဒေခုံရုံးဆီက ဆုံးဖြတ်ချက်ကို ဇန်န၀ါရီ ၂၂ ရက်မှာ တောင်းမယ်လို့ ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်ကတော့ ရွေးကောက်တင်မြှောက်တာ မဟုတ်တဲ့ ပြည်သူ့ကောင်စီက ဦးစီးပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ၀န်ကြီးချုပ်ရဲ့အကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို အဂတိလိုက်စားသူနဲ့ ဆွေမျိုးကောင်းစားရေးဝါဒီလို့ စွပ်စွဲပြီး သက်ဆင်သြဇာလွှမ်းမိုးမှုကို ဖျက်သိမ်းဖို့ ရွေးကောက်ပွဲ စနစ်ကို ပြောင်းလဲချင်နေပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီတွေဟာ ၂၀၀၁ ခုနှစ်တည်းက ခုထိ ရွေးကောက်ပွဲတိုင်းလိုလိုကို အနိုင်ရခဲ့ပါတယ်။

ရှင်နာဝပ်မိသားစုကို ထောက်ခံတဲ့ ဆင်းရဲသား ကျေးလက်နေ လူတန်းစား အများစု ပါဝင်တဲ့ ရှပ်နီတွေနဲ့ ဘန်ကောက်ဝန်းကျင်နေ လူလတ်တန်းစားနဲ့ ဘုရင်စနစ်ကို သစ္စာခံသူ ဒီမိုကရက်တွေကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်ရိုက်မှုအတွင်း ခု ဆန္ဒပြပွဲတွေက နောက်ဆုံး ကဏ္ဍလည်း ဖြစ်ပါတယ်။

DVB Burmese