စရဖ(လေ)၀င်းအတွင်း ဓာတ်ဆီဆိုင်မီးလောင်မှု အမျိုးသားလေးဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 1/23/2014 05:42:00 PM


မင်္ဂလာဒုံလေတပ် စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) ၀င်းအတွင်း မြေငှားကာ ဖွင့်ထားသည့် ပုဂ္ဂလိကဓာတ်ဆီဆိုင် မီးလောင်မှုကြောင့် အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ပြည်လမ်းမဘေးရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (လေ)၀င်းအတွင်း ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှာ ဇန်န၀ါရီ ၂၁ ရက်က မီးလောင်ကျွမ်းခဲ့ပြီးနောက် ဆီဆိုင်အလုပ်သမားနှစ်ဦး အပါအ၀င် အမျိုးသားလေးဦး ဒဏ်ရာရကာ အင်းစိန်ဆေးရုံတွင် တင်ထားရပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ ၂၈၁ သိန်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး ၉၀ ခန့် လာရောက်ငြှိမ်းသတ်ခဲ့သောကြောင့်ည ၈ နာရီခန့်တွင် မီးငြိမ်းခဲ့သည်။ ဆီဂိုဒေါင်အတွင်းရှိ ဓာတ်ဆီများကို FUSO အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်ရှိ ပီပါများထဲသို့ ဆီဂေါက်ဖြင့် လိုက်လံဖြည့်ထည့်ပြီးနောက် ဆီဆိုင်အလုပ်သမားက ပီပါအဖုံးအား သံဂေါက်ဖြင့်လှည့်ပိတ်စဉ် မီးဖွားများပွင့်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ လေးဦးအနက် တစ်ဦးမှာစိုးရိမ်ရပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာများအဖြစ် တက်ရောက်ကုသလျက်ရှိသည်။

““ညတုန်းက ဆီဆိုင်က မီးလောင်ဒဏ်ရာရတဲ့သူတွေ ဆေးရုံကို ရောက်လာကြတယ်။ အခု သူတို့ကို ဆေးကုပေးနေပါတယ်”” ဟု အင်းစိန်ဆေးရုံမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ လောင်စာဆီ ပီပါများအား လက်ခံသိမ်းဆည်းပေးသူ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (လေ) မှ တပ်ကြပ်ကြီးတစ်ဦးနှင့် လောင်စာဆီဆိုင်ပိုင်ရှင်တို့နှစ်ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ပုဒ်မ  ၂၈၅/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

““တကယ်အရေးယူရမှာက တပ်မှူးကိုဗျ။ ကိုယ့်တပ်ထဲမှာ တပ်ကြပ်ကြီးအဆင့်ရှိသူက ဥပဒေနဲ့မညီတာကို ဆောင်ရွက်နေတာကိုတောင် ဒီတပ်မှူးက မသိဘူးတဲ့လား။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား။ ဥပဒေကို လေးစားလိုက်နာရမယ့် ဒီလိုအဖွဲ့အစည်းကမှ ဥပဒေကို မလေးစားရင် သာမန်ပြည်သူတွေကို ဘယ်လိုထိန်းသိမ်းမလဲ”” ဟု အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ အမျိုးသားတစ်ဦးက ပြောသည်။

Author: သန်းဌေး

7day Daily