အော်ရီဒူးက ခြောက်လအတွင်း ဖုန်းကတ်ရောင်းချနိုင်ရန် အစိုးရခွင့်ပြုချက်စောင့်

ပို့စ်တင်ချိန် - 1/23/2014 05:32:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါအောင် ကုမ္ပဏီများအနက် အော်ရီဒူးက ခြောက်လအတွင်း ဖုန်းကတ်များ ရောင်းချပေးနိုင်ရန် အစိုးရ ခွင့်ပြုချက် လိုင်စင်ကို စောင့်ဆိုင်းနေကြောင်း အော်ရီဒူးမြန်မာမှ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောကြားသည်။

“ကျွန်မတို့ဘက်က အစိုးရကိုရော ပြည်သူလူထုကိုပါ ကတိပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ခြောက်လနေရင် ကတ်တွေရောင်းမယ်။ အင်တာနက် 3G ကွန်ရက်တွေကို မြို့ပြနေ ၂၅ ရာခိုင်နှုန်းနဲ့ ကျေးလက် ၇၅ ရာခိုင်နှုန်းကော မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မြန်မာဘာသာနဲ့ သုံးနိုင်အောင်ရယ် Youtube ကနေ Download ချမယ်ဆို ခုလိုအဝိုင်းလည်နေတာမျိုးတွေ မရှိတော့ဘဲနဲ့ အသုံးပြုနိုင်အောင် စီစဉ်ပေးမယ်” ဟု ၎င်းကဆိုသည်။

အော်ရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ မြို့ကြီးများသာမက ကျေးလက်ဒေသ အထိ ကျယ်ပြန့်သည့် ဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ကာ ၎င်းတို့၏ ဆန်းသစ်တီထွင်မှု ရှိသည့် နည်းလမ်းဖြင့် 3G ကွန်ရက် ဖြန့်ကြက်ပြီး အသံတစ်မျိုးတည်းသာ အသုံးပြုနိုင်သည့် ဒေသများတွင် အချက်အလက်များပါ အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း အော်ရီဒူးမှ ထုတ်ပြန် ကြေညာထားသည်။

3G ကွန်ရက်အတွက် အဓိကကျသည့် ရေဒီယိုနှင့် စက်ပစ္စည်းများ ပံ့ပိုးသူအဖြစ် NSN ကုမ္ပဏီကို ခန့်ထားပြီး ပြည်တွင်း မိုဘိုင်းလ် ကွန်ရက်ဖြန့်ကြက်ရန် ယမန်နှစ် ဒီဇင်ဘာလအတွင်း ZTE ကုမ္ပဏီနှင့်လည်း စာချုပ်ချုပ်ဆိုခဲ့ကြောင်း အော်ရီဒူး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ပြည်ပကုမ္ပဏီများအတွက် လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင်ကို ပြီးခဲ့သည့် (ဒီဇင်ဘာလကုန်ပိုင်းတွင် နိုင်ငံတော်အစိုးရက ချပေးမည်ဟု ကတိပေးထားသော်လည်း ယခုချိန်ထိ ချထားပေးနိုင်ခြင်း မရှိသေးပေ။

နော်ဝေအခြေစိုက် Telenor ကုမ္ပဏီကလည်း လုပ်ငန်းလိုင်စင်ရပြီး ရှစ်လအတွင်း ဖုန်းကတ်များ စတင်ရောင်းချပေး သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly