အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းအား ပုဂ္ဂလိကသို့ ယခုနှစ်အတွင်း လုပ်ကိုင်ခွင့်ပြုမည်

ပို့စ်တင်ချိန် - 1/23/2014 03:26:00 PM


အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းအား နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပုဂ္ဂလိကသို့ ယခုနှစ်အတွင်း လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန၊ နေပြည်တော် ဗဟိုစာတိုက်ကြီးမှ သိရသည်။ ယင်းအမြန်ချောပို့ လုပ်ငန်းအား လုပ်ကိုင်ခွင့်ပြုနိုင်ရန်အတွက် တင်ဒါခေါ်ယူထားပြီး စိစစ်ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်း၍ ရွေးချယ်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ “အခု ပြည်တွင်းအမြန်ချောပို့ကို လုပ်ကိုင်ဖို့ ကုမ္ပဏီတွေ ရွေးချယ်ပြီးပြီဆိုတော့ ပြည်ပကုမ္ပဏီတွေကိုလဲ မကြာမီ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုတော့မှာပါ။ ကုမ္ပဏီဘယ်နှခုကို လုပ်ကိုင်ခွင့်ပေးမလဲတော့ စိစစ်ရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်မှာဖြစ်ပါတယ်။ အတိအကျတော့ ပြောလို့မရသေးပါဘူး” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန၊ နေပြည်တော် ဗဟိုစာတိုက်ကြီးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ ယင်းလုပ်ငန်းအား လုပ်ကိုင်ရန်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီရှစ်ဖွဲ့မှ လာရောက်လျှောက်ထားပြီး အဆိုပါ အမြန်ချောပို့ လုပ်ငန်းကို မှတ်ပုံတင်စနစ်ဖြင့် ဝန်ဆောင်မှုပေးမည့် Registered Service Provider အဖြစ် ဆောင်ရွက်နိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို လျှောက်ထားခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ပုဂ္ဂလိက လုပ်ငန်းက ဝန်ဆောင်မှုပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းတွေဖြစ်တဲ့ EMS, DHL လို ဝန်ဆောင်မှုပေးနိုင်ဖို့ ပုဂ္ဂလိကကို လွှဲပြောင်း လုပ်ကိုင်စေမှာပါ။ ပိုပြီး တိုးတက်မြန်ဆန်မှုရှိအောင် လုပ်သွားမှာပါ” ဟု ပြောသည်။ လက်ရှိတွင် ဇန်နဝါရီ ၁ ရက်မှစတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မှတ်ပုံတင်စနစ်ဖြင့် အမြန်ချောပို့ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုလိုက်သည့် ကုမ္ပဏီများမှာ Magnate Group Logistics, UCS, Royal Express နှင့် SBS ကုမ္ပဏီလီမိတက်တို့ဖြစ်ပြီး တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ ပေးသွင်း၍ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge