လျှပ်စစ်ကျောက်စက်ဖြင့် သင်္ဘောကိုယ်ထည်အား သံချေးချွတ်နေစဉ် ရေထဲသို့ပြုတ်ကျကာ ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 1/23/2014 11:35:00 AM


ရန်ကုန်၊ ဇန်န၀ါရီ ၂၃

၂၂.၁.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် ဆိပ်ကမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင် လှိုင်မြစ်အတွင်းရှိ သင်္ဘောတစ်စီးမှ သင်္ဘောသားတစ်ဦးဓါတ်လိုက်သေဆုံးပြီး
ရောက်ရှိလာကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒလမြို့နေ ကိုသန်းမင်းစိုး၊ သင်္ဘောသား(သင်္ဘောသားမှတ်ပုံတင်မရှိ)
ဖြစ်ကြောင်းတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၁၀၀ အချိန်ခန့်က လှိုင်မြစ်၊ ဆင်မလိုက်သင်္ဘောကျင်းဘောတံတားတွင် ဆိုက်ကပ်ထားသော ပုဂ္ဂလိကပိုင် “အဲဗားဖူဆန်” သင်္ဘော၏ ယာဘက်လက်ရမ်းနှင့်၎င်း၏ခါးကို ကြိုးချည်ကာထိန်းထားပြီး အသက်ကယ်အင်္ကျီဝတ်၍ ငြမ်းစင်ပေါ်
ထိုင်လျက်ဖြင့် လျှပ်စစ်ကျောက်စက်အားကိုင်ကာ သင်္ဘောကိုယ်ထည်မှ သံချေးများအား တိုက်ချွတ်နေခဲ့ကြောင်း၊ ထိုစဉ် ခါးနှင့်သင်္ဘော
လက်ရမ်းတို့ထိန်းချည်ထားသောကြိုးမှာပြတ်သွားသဖြင့်
ကျောက်စက်အားကိုင်လျက်နှင့်ပင်ရေထဲသို့ ကျသွားခဲ့ကြောင်း၊ အသက်ကယ်အင်္ကျီဝတ်ထားသဖြင့် ရေပေါ်တွင်ပေါ်နေသော်လည်း
ကျောက်စက်ထဲသို့ရေ၀င်ကာဓါတ်လိုက်နေသဖြင့် မိန်းခလုပ်အားပိတ်ကာ
ရေထဲမှဝိုင်းဝန်းဆယ်ယူခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ပို့အပ်စဉ်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ယင်းကဲ့သို့ ကိုသန်းမင်းစိုးသေဆုံးရခြင်းနှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police