ဧရာဝတီတိုင်းမှာ လယ်သမား ၂၆၅ ဦးကို ထောင်ထဲထည့်

ပို့စ်တင်ချိန် - 2/04/2014 01:30:00 PM



ထွန်တုံးတိုက်ပွဲပြုလုပ်လို့ ဧရာဝတီတိုင်းအတွင်း ထိန်းသိမ်းထားသူ ၃ဝဝ နီးပါးကို   ပြန်လွှတ်ပေးပြီး အမှုပိတ်ပေးဖို့  လယ်သမားတွေ၊ လယ်သမားအရေး လှုပ်ရှားသူတွေက တနင်္ဂနွေ မနက်ပိုင်းက လပွတ္တာမြို့နယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။



ဒါဟာ လယ်သမားအရေးနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း တပတ်အတွင်း နှစ်ကြိမ်မြောက်  ပြုလုပ်တဲ့ လယ်သမားဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့က    ဆန္ဒပြခဲ့ကြတာကတော့  တိုင်းအစိုးရရုံးစိုက်ရာ ပုသိမ်မြို့မှာပါ။

တောင်းဆိုချက်တွေ မရမခြင်း တခြားမြို့နယ်တွေမှာ ဆန္ဒပြသွားမယ် လို့ လယ်သမား အရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးက ဧရာဝတီကိုပြောပါတယ်။

“လယ်ယာမြေ မတရားသိမ်းဆည်းခံခဲ့ရတာကို  အုပ်ချုပ်ရေးအဆင့်ဆင့်ကို တိုင်ကြားခဲ့တယ်။
 အဲဒါကို နိုင်ငံတော်အစိုးရ အဖွဲ့အစည်း အသီးသီးက ဖြေရှင်းဆောင်ရွက်မှု အားနည်းတဲ့အခါမှာ ထွန်တုံးတိုက်ပွဲတွေ ဖြစ်လာခဲ့တယ်။
အခုအခါမှာ လယ်သမားတွေကို ပုဒ်မတွေ အသီးသီးတပ်ပြီးတော့ ထောင်တွေချတယ်။ တရားတွေစွဲတယ်”

လတ်တလော ထောင်ကျလယ်သမားစာရင်း
မော်လမြိုင်ကျွန်း မြို့နယ် -  ၂၂၉ ဦး၊
 ကျောင်းကုန်းမြို့နယ် -  ၂၆
ငပုတောမြို့နယ် -  ၄ ဦး
လပွတ္တာမြို့နယ် -  ၆
 စုစုပေါင်း ၂၆၅ ဦး
အချက်အလက် -  လယ်သမားအရေးလှုပ်ရှားတဲ့ လူမှုကွန်ရက်အဖွဲ့များ

 ၂၀၁၃ ခုနှစ် မေလက စတင်ပြီး ဧရာဝတီတိုင်းထဲက ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းနဲ့ ရေကြည်မြို့နယ်တွေမှာ ထွန်တုံးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ထွန်တုံးတိုက်ပွဲဖြစ်ပွားတဲ့ လယ်မြေအများစုကတော့  တာဝန်ကျေစပါး မသွင်းနိုင်လို့ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သိမ်းဆည်းခဲ့တဲ့မြေများနဲ့ ငွေရှင်တွေက အကြွေးနဲ့ သိမ်းယူခဲ့တဲ့ လယ်မြေတွေပါ။

လယ်ယာမြေ လက်ရှိလုပ်ကိုင်ခွင့်ရသူတွေက ထွန်တုံးတိုက်ပွဲပြုလုပ်သူတွေကို  ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) တွေနဲ့ တရားစွဲဆိုခဲ့တာပါ။

 လယ်သမား ၅၀၀ ကျော် တရားစွဲခံခဲ့ရပါတယ်။
အဲဒီထဲက ၂၆၅ ဦးဟာ အလုပ်နဲ့ထောင်ဒဏ် ၂ လမှ ၆ လအထိ   ချမှတ်ခံခဲ့ရပါတယ်။

မော်လမြိုင်ကျွန်းနဲ့ လပွတ္တာမြို့နယ်က ထောင်ကျလယ်သမားတွေဟာ မြောင်းမြအကျဉ်းထောင် ရောက်နေပြီး ကျောင်းကုန်းနဲ့ ငပုတောမြို့နယ်က လယ်သမားတွေဟာ ပုသိမ် အကျဉ်းထောင် ရောက်ရကြောင်း သိရပါတယ်။

ဒါ့အပြင် လယ်သမား ၂၀၀ ကျော်ဟာလည်း သက်ဆိုင်ရာမြို့နယ်တရားရုံးတွေမှာ
၎င်းတို့ကို စွဲဆိုထားတဲ့အမှုတွေကို ဆက်လက်ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။

Irrawaddy