ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများရိုက်ကူးရာတွင် ကန်တော့ပွဲများပေးခြင်းသည် စီးပွားရေးကောင်းစေရန်နှင့် အန္တရာယ်ကင်းစေရန်ဟုဆို

ပို့စ်တင်ချိန် - 2/04/2014 02:08:00 PM


မြင့်မြင့်စိုး|ဖေဖော်ဝါရီ ၄ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်။

မြန်မာ့ရုပ်ရှင် ၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးရာတွင် မရိုက်ကူးမီ၌ မြန်မာတို့၏ ဓလေ့ထုံးစံအရ ဇာတ်ကား များကို နောက်ခံပြုပြီး အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ကန်တော့ပွဲပေးကာ ထုတ်လုပ်သူ၊ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးများနှင့် ဇာတ်ပို့ ဇာတ်ရံများ ကန်တော့ကြခြင်းသည် ယနေ့ချိန်ထိ ရှိနေဆဲပင် ဖြစ်သည်။

“တချို့နေရာတွေမှာ သူ့ဒေသအလိုက် ဆိုင်ရာပိုင်ရာနတ်တွေ ရှိတယ်။ အဲဒါတွေကိုလည်း ကန်တော့ ကြရတယ်။ တကယ်ကို မလုပ်မဖြစ် လုပ်သင့်တဲ့ အလုပ်ပါ။ တချို့တွေ ကန်တော့ပွဲမပေးဘဲ ရိုက်နေကြ တာတွေလဲ ရှိတာပဲ” ဟု ဒါရိုက်တာပန်းချီစိုးမိုးက ပြောသည်။ ယခုလို ကန်တော့ပွဲများပေးပြီး ဇာတ်ကားများ ရိုက်ကူးခြင်းများသည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုအရဖြစ်ပြီး လုပ်ငန်းကြီးကြီးမားမား များလုပ်ကိုင်ရာတွင် ယခုလိုဆောင်ရွက်လေ့ ရှိကြသည်။ ယင်းကဲ့သို့ ကန်တော့ပွဲပေးပြီး ကန်တော့ကြ ခြင်းသည် ဇာတ်ကားများ ရိုက်ကူးရာ၌ အမှားအယွင်း အနှောင့်အယှက်ကင်းစေရန်၊ ဇာတ်ကားကောင်း များနှင့် စီးပွားရေးအရ လမိုင်းကောင်းစေရန်အတွက် ပွဲပေးခြင်းများဖြစ်သည်ဟု ယုံကြည်ကြသည်။

ကန်တော့ပွဲများပေးရာတွင် မပါမဖြစ် အရေးကြီးဆုံးသည် အနန္တော အနန္တငါးပါး အတွက်ပေးသည့် ကန် တော့ပွဲများဖြစ်ပြီး အချို့မှာ ကိုးကွယ်ယုံကြည်မှုများအလိုက် ဆိုင်ရာနတ်များနှင့် အခြားယုံကြည်ကိုး ကွယ်မှုများအလိုက် ပေးကြသည့်ပွဲများလည်းရှိကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုး ကပြောသည်။ ယင်းသို့ ကန်တော့ပွဲပေးရာတွင် တချို့သည်ထုတ်လုပ်သူနှင့် အဓိက မသက်ဆိုင်ဘဲ ရှုတင်မန်နေဂျာနှင့် ဒါရိုက် တာတို့က အဓိကတာဝန်ယူကာ ရိုက်ကွင်း အဆင်ပြေစေရန်နှင့် အနှောင့်အယှက်မရှိစေရန် တိုင်တည် ကန်တော့ပွဲပေးရခြင်းဖြစ်ကြောင်း ရှုတင်မန်နေဂျာ ကိုဆာမိက ပြောဆိုသည်။ “အဓိကကတော့ ဇာတ် ကားတစ်ကားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ရိုက်ကူးပြီးနိုင်အောင် ကန်တော့ပွဲပေးတာကို မဖြစ် မနေလုပ်ကြတယ်။ ဘယ်ကတည်းက စတယ်ဆိုတာ ကတော့ပြောရခက်တယ်။ ကျွန်တော် အနုပညာ လောကထဲရောက်တာ လေးတန်းကျောင်းသား ဘ၀ကတည်းက။ အဲဒီကတည်းက ဒီအလေ့အထက ဒီလောကထဲမှာ ရှိနေပြီ။ ဒီလောကမှ မဟုတ်ပါဘူး။ ဘယ်လောကမှာမဆို ဒီလိုမျိုးယုံကြည်မှု အလိုက် ကိုးကွယ်ဆုတောင်းတာတွေက ရှိကိုရှိတယ် ဟု ယင်းကပြောသည်။

အဆိုပါ ကန်တော့ပွဲများကို သီးသီးသန့်သန့် သေချာစွာ မလုပ်ဖြစ်ပါက ရှုတင်စတည် သည့်နေရာရှိ စေတီတစ်ဆူဆူ၌ ကန်တော့ ပွဲပေးပြီးမှသာ ဇာတ်ကားများကိုဆက်လက် ရိုက်ကူးကြခြင်း ဖြစ်သည်။ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများ ရိုက်ကူးရာတွင် ကန်တော့ပွဲ မပေးပဲမရိုက်ကူးရဲကြကြောင်း အနုပညာရှင် များက ပွင့်လင်းစွာ ပြောသည်။ ယခုလို ပွဲပေးပြီးရိုက်ကူးမှုသည် မိရိုးဖလာ ဒေသအစွဲ တစ်ခုအဖြစ်ဖြစ်နေ ခြင်းသည် မြန်မာနိုင်ငံတွင် ရုပ်ရှင်ဇာတ်ကားများ စတင်ရိုက်ကူးကတည်းက ဖြစ်သည်ဟု သက်ကြီးရုပ်ရှင် အသိုင်းအ၀ိုင်းများက သုံးသပ်ပြောကြားခဲ့သည်။

“ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာယုံကြည်မှု တစ်ခုသမကဘဲ စည်းကမ်းတကျဖြစ်စေရန်နှင့် မြန်မာလူ မျိုး တချို့ ယုံကြည်ကိုးကွယ်ကြသည့် ဆိုင်ရာ၊ ပိုင်ရာ (နတ်၊ဘိုးတော်) များကို အနှောင့်အယှက်ကင်းစွာ ဖြင့် အလုပ်လုပ်နိုင်စေရန် တိုင်တည်ကန်တော့ကြခြင်းဖြစ်သည်။

“ကန်တော့ပွဲပေးတာက လုပ်ကိုလုပ်ရမယ် ဆိုတာထက် မဖြစ်မနေလုပ်ရမယ်ဆို ပိုမှန်တယ်။ နေရာတိုင်း မှာ အနှောင့်အယှက် ရှိတယ်။ အဲဒီတော့ သူ့ဆိုင်ရာဆိုင်ရာကို လေးစားရမယ်။ လူ့စည်းဘီလူးစည်းဆို တာ တောင်ရှိသေးတာပဲ။ လေးလေးစားစား ဆက်ဆံသင့်တယ်။ အနုပညာမှာ အနုပညာနဲ့ ပတ်သက်တဲ့ ရိုးရာလမိုင်း ရှိတယ်။ အဲဒါကို ယုံကြည်မှုနဲ့ ကိုးကွယ်ဖို့ လိုအပ်တယ်” ဟု ဇာတ်ပို့ဖြစ်သည့် အကယ်ဒမီ အောင်ခိုင်က ပြောသည်။

ကန်တော့ပွဲများတွင် သက်ဆိုင်ရာ ယုံကြည်မှုများအလိုက် ဘုရားနှင့်တခြားသော ကိုးကွယ်ယုံကြည်မှု များကို ကန်တော့ကြပြီး ယင်းကန်တော့ပွဲစင်မြင့်ထက်၌ပင် ရိုက်ကူးမည့် ကင်မရာများကိုတင်ပြီး ယုံကြည် ကန်တော့ကြသည်များသည်လည်း ယနေ့ချိန်ထိ ရှိနေသည်ကို တွေ့မြင်ရသည်။

ကန်တော့ပွဲပေးခြင်းမှာ မိရိုးဖလာ ယုံကြည်မှု အစွဲအလမ်းတစ်ခုကြောင့်သာ လုပ်ဖြစ်နေကြခြင်းဖြစ်သည် ဟု အကယ်ဒမီ စိုးပြည့်သဇင်က ပြောသည်။ ယင်းကဲ့သို့ ရုပ်ရှင်ကင်မရာများကို ကန်တော့ကြရာတွင် ရိုက်ကူးနေသည့် ကင်မရာဖြင့် အနုပညာ လုပ်ကိုင်နေသည့်သူများသည် ထမင်းစားနေရခြင်းကြောင့် ကင်မရာကို ရိုသေစွာကိုးကွယ်ကြခြင်းဖြစ်ပြီး ရိုက်ကူးပြီးပါကလည်း ရုပ်ထွက်အားကောင်းကာ လှပကြ စေရန် ရည်ရွယ်ကန်တော့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယုံကြည် ကိုးကွယ်စွဲ လမ်းမှုများသည်ယခု အချိန်ထိရှိနေခြင်းဖြစ်ရာ ယခုအခါတွင် လေ ယာဉ်များ အန္တရာယ်ကင်းရှင်းစေရန်အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းများသည်လည်း လေယာဉ် ကိုကန်တော့ပွဲပေးပြီး ဆိုင်ရာ၊ ပိုင်ရာ(နတ်၊ဘိုးတော်)တို့ထံ အပ်နှံကန်တော့ကြပြီး လူစီးကားများကို လည်း အလားတူ အပ်နှံကန်တော့မှုများ ရှိနေဆဲဖြစ်ကြောင်း အနုပညာရှင်များက သုံးသပ် ပြောဆိုကြ သည်။

ကမ္ဘာ့နိုင်ငံများတွင် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးပါက ယခုလိုရိုးရာယုံကြည်မှုများမရှိဘဲ အောင်မြင် ကျော်ကြားလျက် ရှိသည်။ ယင်းကဲ့သို့ အောင်မြင်ကျော်ကြားမှုသည် စက်ပစ္စည်းများ အားကောင်းခြင်း၊ ရိုက်ကူးသည့်သူများသည် အချိန်ယူပြီးရရှိသည့် ဇာတ်ရုပ်များကို သေချာပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခြင်း ကြောင့် ဖြစ်ကြောင်း အနုပညာကို တိုးတက်စေလိုသူများက ပြောဆိုကြသည်။