နိုင်ငံရေးမှာ စစ်တပ်ရှိနေဖို့လိုတယ်လို့ သမ္မတပြောဆိုမှု စု-မန်းမဟာမိတ် ဘယ်လိုတုံ့ပြန်လဲ

ပို့စ်တင်ချိန် - 3/28/2014 09:55:00 AM


အစိုးရနဲ့လွှတ်တော်ကြားက လွန်ဆွဲမှုတွေမှာ လွှတ်တော်ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်သွားမယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးမှာ ရှိနေရမယ်လို့ ပြောဆိုခဲ့တဲ့ သမ္မတဦးသိန်းစိန်ကို တန်ပြန်လိုက်တာလား။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ သူ့အမြင်မှာတော့ ဖြောင့်မတ်သူတစ်ယောက်ဖြစ်တာကြောင့် အစိုးရနဲ့လွှတ်တော်ကြားက လွန်ဆွဲမှုမှာ လွှတ်တော်ဘက်က ရပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

အစိုးရသက်တမ်း ၃နှစ်ပြည့် လွှတ်တော်မှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဇွတ်တိုးလုပ်ရင် နိုင်ငံရေးအကျပ်အတည်းတွေ ရှိမယ်လို့ သတိပေးခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးမှာ နှစ်ဖက်သဘောတူမှုတွေမရှိတိုင်း အကျပ်အတည်းမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ တပ်မတော်ဟာ ပြည်သူလိုလားတဲ့ နိုင်ငံရေးစနစ်နောက်မှာ မားမားမတ်မတ်ရပ်တည်ဖို့လိုတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူရဦးရွှေမန်းက တပ်မတော်ဟာ နိုင်ငံရေးကဏ္ဍမှာ ပြည်သူလက်မခံတော့တဲ့အချိန် ကိုယ့်နေရာကိုယ်ပြန်ရမယ်လို့ ပြောဆိုပြီး နိုင်ငံရေးအကျပ်အတည်း မဖြစ်နိုင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကို ထောက်ခံခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ၃နှစ်ပြည့် လွှတ်တော်မိန့်ခွန်းအပြီး မတ်လ ၂၆ရက်နေ့ ညနေမှာ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ်။ အာဏာရပါတီနဲ့ အတိုက်အခံပါတီနှစ်ခုရဲ့ ဥက္ကဌနှစ်ယောက် ဒုတိယအကြိမ် ပူးတွဲသတင်းစာရှင်းလင်းခဲ့တာဖြစ်သလို ၂ဝ၁၅လွန် သမ္မတဖြစ်ဖို့ တရားဝင်ထုတ်ပြောထားသူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထောက်ခံမှုကို ပြသခဲ့တာလည်းဖြစ်ပါတယ်။

Kamayut Media