ရုရှရန်ကိုကြံ့ကြံ့ခံရင်ဆိုင်ရန် အိုဘားမား တိုက်တွန်း

ပို့စ်တင်ချိန် - 3/28/2014 04:52:00 PM


အေအက်ဖ်ပီ
ဘရပ်ဆဲလ်၊ မတ် ၂၇

ကရိုင်းမီးယားအား ရုရှစစ်ဘက်က သိမ်းယူမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပ်တည်ရေးအတွက် ဥရောပအား လှုံ့ဆော်ရန် အမေရိကန်သမ္မတ အိုဘားမားက ကြိုးပမ်းခဲ့ပြီးအနောက်နိုင်ငံများနှင့် ရုရှသမ္မတ ဗလာဒီမာ ပူတင်တို့အကြား အငြင်းအခုန်မှာ စစ်အေးတိုက်ပွဲမှ စွဲကျန်ရစ်သော သဘောတရားရေးအမြင်များ ထိပ် တိုက်တွေ့မှု တစ်ခုဖြစ်ကြောင်းလည်း မှတ်ချက်ချခဲ့သည်ဟု မတ်လ ၂၇ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Palais des Beaux-Arts ပြတိုက်တွင် ပြောကြားခဲ့သော ညနေပိုင်းမိန့် ခွန်းထဲတွင် သမ္မတအိုဘားမားက အမေရိကန်နှင့် ဥရောပ စည်းလုံးညီညွတ်ရေး၊ ရုရှအပေါ် ပိတ်ဆို့အရေး ယူရေးနှင့် အမေရိကန်၏ ပါဝါတိုးတက်ရေးအတွက် ကူညီအားပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

သို့ရာတွင် အမေရိကန်၏ပါဝါဟု ရည်ညွှန်းခြင်းတွင် စစ်အင်အားအသုံးပြုခြင်း မပါဝင်ကြောင်းလည်း အို ဘားမားက ရှင်းလင်းပြောကြားခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ယူကရိန်းကိစ္စတွင် ရုရှ၏စစ်အင်အားပြသခဲ့မှုနှင့် ဆန့်ကျင်ဘက် သဘောအသွင်ဆောင်ရန်အတွက် မိန့်ခွန်းပြောရန် နေရာအဖြစ် ဘရပ်ဆဲလ်မြို့ရှိ ပြတိုက်ကို အမေရိကန် က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရုရှ၏ လုပ်ဆောင်မှုသည် ရုရှနိုင်ငံကို သာမက ဥရောပနှင့် အမေရိကန်တို့ နှစ်ပေါင်းများစွာ တည်ဆောက် ထားခဲ့သော နိုင်ငံတကာစနစ်ကိုပါ ထိခိုက်စေနိုင်ကြောင်း အိုဘားမားက အလေးအနက် ထည့်သွင်းပြော ကြားခဲ့သည်။ နိုင်ငံတကာ စနစ်ဆိုသည်မှာ ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီနှင့် နိုင်ငံတကာဥပဒေ တိုး တက်ရေးကို အထောက်အကူပြုလျက်ရှိသော စနစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

“အခုအချိန်ဟာ ထိရောက်မှုမရှိတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ရမယ့် အချိန်မဟုတ်ပါဘူး” ဟု သမ္မတ အိုဘားမားက လူငယ်အများစုပါဝင်သော ပရိသတ်ကို ပြောခဲ့သည်။

“ကမ္ဘာ့ တခြားဒေသတွေက အကျပ်အတည်းတွေလိုပဲ ယူကရိန်းက အခြေအနေအတွက် လွယ်ကူတဲ့ အဖြေတွေ မရှိပါဘူး။ စစ်အင်အားသုံးရေးဟာလည်း အဖြေ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအခိုက်အတန့်မှာ ကျွန်တော်တို့ရဲ့ စံနှုန်းတွေအပေါ် စိန်ခေါ်မှုတွေကို အင်အားတွေ၊ ခံယူချက်တွေနဲ့ ရင်ဆိုင် တုံ့ပြန်ရပါမယ်” ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဘာလင်မြို့တွင် ပြောကြားခဲ့သော အလားတူမိန့်ခွန်းတစ်ခု၏ အဓိကအာဘော်အတိုင်း ပင် ယခုမိန့်ခွန်းထဲတွင်လည်း အိုဘားမားက သတိပေးခဲ့သည်မှာ ယူကရိန်းကိစ္စအား မိမိတို့နှင့် သိပ်မဆိုင် သော အဝေးကပြဿနာဟု ထင်မြင်ဖွယ်ရှိသည့် ဥရောပနိုင်ငံများအား “ကျွန်တော်တို့အနေနဲ့ ဒီလိုစိန်ခေါ်စမ်း သပ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အခြားသူတွေကို မှီခိုအားကိုးလို့ မရနိုင်ပါဘူး” ဟု သတိပေး ပြောကြားခဲ့သည်။

Mizzima Burmese