ယခုဘဏ္ဍာနှစ်တွင် ကျပ် ၂၂၀ ဘီလီယံကျော် အခွန် ပိုမိုကောက်ခံရရှိ

ပို့စ်တင်ချိန် - 3/28/2014 07:51:00 PM


ရန်ကုန်၊ မတ် ၂၇

ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ယခုဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄) တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကထက် ကျပ် ၂၂၂ ဘီလီယံ အခွန် ပိုမိုကောက်ခံရရှိကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ယင်းသို့ အခွန်ကောက်ခံ ရရှိမှု မြင့်တက်လာခြင်းမှာ အခွန်ထမ်းဦးရေ များပြားလာပြီး ပို့ကုန်သွင်းကုန် ကဏ္ဍများမှ အခွန် ပိုမို ကောက်ခံရရှိလာခြင်းကြောင့် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အရင်နှစ်တွေတုန်းက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေနဲ့ အစိုးရ လုပ်ငန်းတွေဆီက အပြည့်အဝ မရခဲ့ဘူး” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် အခွန် ပိုမို ကောက်ခံရရှိခဲ့သကဲ့သို့ ယခုဘဏ္ဍာနှစ်၏ အခွန်ငွေ လျာထားချက်ထက်လည်း ၁၂၀ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ပိုမို ကောက်ခံရရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဘဏ္ဍာနှစ် (၂၀၁၂-၂၀၁၃) က ကျပ် ၄၄၇ ဘီလီယံ ကောက်ခံ ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄) ကောက်ခံရရှိမှုမှာ ကျပ် ၆၆၉ ဘီလီယံ ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

The Voice Weekly