အပစ်ရပ်ရေး မပြီးဘဲ နိုင်ငံရေးဆွေးနွေးပါက ပဋိပက္ခများဆီ ပြန်လည် ဦးတည်နိုင်ဟု ကာ/ချုပ်ပြောကြား

ပို့စ်တင်ချိန် - 3/28/2014 07:51:00 PM


နေပြည်တော်၊ မတ် ၂၇

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဦးတည် လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ပြီးစီးခြင်း မရှိဘဲ နိုင်ငံရေးဆွေးနွေးမှုများ စတင်ပြုလုပ်ပါက လက်နက်ကိုင် ပဋိပက္ခများဆီသို့ ပြန်လည် ဦးတည်သွားနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၆၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာ မဆောင်ရွက်ဘဲ နိင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်နေရင် သဘောထား မတိုက်ဆိုင်မှုတွေကြောင့် မလိုအပ်ဘဲ အချိန် ကြန့်ကြာနိုင်သလို နဂိုရှိပြီးသား ညှိနှိုင်း သဘောတူမှုတွေပါ ပျက်ပြယ်သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခတွေဆီကိုပဲ ပြန်လည် ဦးတည်နိုင်တယ် ဆိုတာကို သတိထားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက သတိပေး ပြောဆိုသည်။

ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ချမှတ် သဘောတူထားသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များက လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောဆိုထားသည်။

ထို့ပြင် နိုင်ငံရေး စားပွဲဝိုင်းနှင့် ငြိမ်းချမ်းရေး ကိစ္စများတွင် တပ်မတော်၏ အခန်းကဏ္ဍ ဆက်လက် ရပ်တည်နေဦးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပြီး ဖြစ်သည်။

တပ်မတော်သည် အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည့်အတိုင်း မဏ္ဍိုင်သုံးရပ်ကို အပြန်အလှန် ထိန်းကြောင်းသွားရန် လိုအပ်ပြီး ပြင်ဆင်ရန် လိုအပ်ပါက အခန်း ၁၂ ပါ ဥပဒေ ပြင်ဆင်ရေးတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါ တပ်မတော်နေ့ မိန့်ခွန်းတွင် ထပ်လောင်း ပြောကြားခဲ့သည်။

The Voice Weekly