စစ်တွေ၌ ကျည်ဆန်ထိမှန်ခဲ့သော ကလေးမ ကွယ်လွန်

ပို့စ်တင်ချိန် - 3/28/2014 11:05:00 AM

မနီးသော ခရီးကို ထွက်ခွာသွားသူ နီးမ ( ဓါတ်ပုံ- Facebook)

(နိရဉ္စရာ- ၂၈ မတ်လ ၂၀၁၄)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ ညနေပိုင်းက စစ်တပ်မှ လူအုပ်စု တစ်ခုကို သေနတ်ဖြင့် ပစ်ခတ် ဖြိုခွဲရာ အသက် (၁၃) နှစ်အရွယ် နီးမဆိုသော အမျိုးသမီးငယ် တစ်ဦး သေဆုံးသွားခဲ့သည်။

“ နီးမက အိမ်ပေါ်မှာ ထမင်းစားမလို့ လုပ်နေတုန်း ကျည်ဆံထိမှန် သေဆုံးသွားပါတယ်။ ဖြစ်တာက ညနေ ၅ နာရီခွဲမှာပါ။ စစ်တပ်က ပစ်တာပါ” ဟု သေဆုံးသူ နီးမ၏ ဖခင် ဦးတင်မောင်က နိရဉ္စရာကို ပြောသည်။

ဦးတင်မောင်၏ မိသားစုများမှာ စစ်တွေမြို့၊ ရွာကြီးမြောက် ရပ်ကွက် စစ်ကဲလမ်းတွင် နေထိုင်ကြောင်း သူကဆိုသည်။

“ အခုက အလောင်းကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံမှာထားပါတယ်။ ကျနော်တို့ အနေနဲ့ သမီးလေးကို ကောင်းကောင်းမွန် သဂြိုလ်ချင်ပါတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ သဂြိင်္ုလ်ရမလဲဆိုတာကိုဘဲ သိချင်ပါတယ်။ တခြားဘာကိုမှ မလိုချင်ပါဘူး” ဟု ဦးတင်မောင်က ဆိုသည်။

နီးမ သေဆုံးမူနှင့် ပတ်သက်ပြီး အထက်လူကြီးများလည်း ရောက်ရှိနေသလို စစ်ဆေးမူများ ပြုလုပ်နေသဖြင့် မည်သည့်အချိန်တွင် အသုဘချရမည်ကို မသိရှိရသေးဟု သူက ဆိုသည်။

သူ၏ ပြောကြားချက်အရ စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက် WFP ဆန်ဂိုဒေါင်အား  လူတစ်စုမှ ဖြိုဖျက်ရန် သွားရောက်စဉ် စစ်တပ်မှ လူစုခွဲရန် ခြောက်လှန့်ပစ်ခတ်ရာ အိမ်ထဲတွင် နေထိုင်နေသူ နီးမအား မတော်တဆ ကျည်ဆံ ထိမှန်ခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော် ဇနီးနာမည်က ၀င်းမေသိန်းပါ။ ကျနော်မှာ သားသမီး သုံးယောက်ရှိတဲ့အထဲမှာ နီးမက သမီးအကြီးပါ။ ကျောင်းမနေနိုင်တဲ့အတွက် ကျောင်းက ထုတ်ထားတာ ကြာပါပြီ” ဟု ဆိုသည်။

၎င်းအမျိုးသမီးငယ် သေဆုံးသွားခြင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က မီဒီယာသို့ အတည်ပြုပြောကြားသည်။

Narinjara နိရဉ္စရာ