မြန်မာနေရှင်နယ်လိဂ်တွင် HIV ပိုးရှိသော ကစားသမားတစ်ဦးကစားနေဟု ဦးဇော်ဇော်ပြော

ပို့စ်တင်ချိန် - 3/28/2014 04:50:00 PM


ရဲရင့်ဋ္ဌေး

ရန်ကုန်၊ မတ် ၂၇

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် HIV Positive ရှိသော ကစားသမားတစ်ဦး ပါဝင်ကစားနေသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မတ်လ ၂၆ ရက်က ဆီဒိုးနားဟိုတယ်တွင် ကျင်းပ သော Protect the Goal Programme သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ခံပြောကြားခဲ့သည်။

“မြန်မာနေရှင်နယ်လိဂ် ကလပ်တွေထဲမှာ HIV Positiveရှိတဲ့ ကစားသမားတစ်ဦး ရှိပါတယ်။ သူ့ကို ကျွန်တော်တို့ ပစ်ပယ်မထားပါဘူး။ ဘောလုံးအသိုင်းအ၀ိုင်းထဲကိုပြန်ခေါ်ပြီး နွေးနွးထွေးထွေးနဲ့ ၀ိုင်းဝန်း ကူညီထားပါတယ်။ သူ့ရဲ့အမည်နဲ့ ကလပ်အသင်းကိုတော့ ကျင့်ဝတ်အရ ထုတ်မပြောချင်ပါဘူး” ဟု ဦးဇော်ဇော်က ဆိုသည်။

အဆိုပါကစားသမားမှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲစတင်ကျင်းပစဉ်က ထိပ်တန်းကလပ်အသင်းတစ် သင်းတွင် ကစားခဲ့ပြီး ဘောလုံးလောကမှ တစ်နှစ်ခန့် အနားယူခဲ့ကာ ၂၀၁၂ ဘောလုံးရာသီမှ စတင်ပြီး လက်ရှိအချိန်အထိ ဘောလုံးလောကတွင် ကျင်လည်နေသည်။ ယခုကဲ့သို့HIV Positive ရှိသော ကစား သမားတစ်ဦး မြန်မာနေရှင်နယ်လိဂ်တွင် ကစားခွင့်ရနေခြင်းမှာ ကောင်းမွန်သောအခွင့် အရေးဖြစ်ပြီး ကျန်ကစားသမားများအတွက်လည်း အန္တရာယ်မရှိနိုင်ဟု မြန်မာနိုင်ငံအမျိုးသား HIV အစီအစဉ်၏ ရန်ကုန် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါက်တာမျိုးသန့်က ပြောသည်။ “ဒါက အဖွဲ့အစည်းတိုင်းအတွက် စံနမူ နာပါ။ ကျွန်တော်တို့နိုင်ငံမှာက ရောဂါရှင်တွေကို ပစ်ပယ်တတ်ကြတယ်။ သူ့အနေနဲ့ လိုအပ်တဲ့ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်မယ်ဆိုရင် ဘောလုံးဆက်ကစားနေနိုင်မှာပါ။ အခြားကစားသမားတွေ အတွက်လည်း ဘာအန္တရာယ်မှမပေးနိုင်ပါဘူး” ဟု ဒေါက်တာမျိုးသန့်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်HIV ရောဂါပိုးနှင့်ပတ်သက်ပြီး လူငယ်များအတွင်း အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် အာရှဘောလုံး အဖွဲ့ချုပ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂဆိုင်ရာ အေအိုင်ဒီအက်စ် အစီအစဉ် (UNAIDS)၊ မြန်မာနိုင်ငံ အမျိုးသားHIV အစီအစဉ် စသည့်အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး“Protect the Goal” အစီအစဉ်ကိုလည်း ဆောင်ရွက်နေသည်။

Mizzima Burmese