မန်း၌ လျှပ်စစ်မီတာခလျှော့ချရေး ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ(၁၈)ဖြင့်အရေးယူ

ပို့စ်တင်ချိန် - 3/28/2014 11:16:00 PM

ကျော်စိုး-မန္တလေး(မြစ်မခ)

မန္တလေး၌ လျှပ်စစ်မီတာခ လျှော့ချရေး ဆန္ဒထုတ်ဖော်ပွဲ၌ပါဝင်သူ ၄ဦးကို မတ်လ(၂၈)ရက်နေ့၌ ချမ်းအေးသာဇံမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း အမှတ်(၈)ရဲစခန်းရှိ တာဝန်ရှိသူများထံမှ သိရှိရသည်။

မတ်လ(၂၇)ရက်နေ့ ညနေပိုင်းကဖြစ်ပေါ်ခဲ့သည့် လျှပ်စစ်မီတာခလျှော့ချရေးဆန္ဒထုတ်ဖော်ခဲ့ကြရာ ခွင့်ပြုချက်မရပဲ ဆန္ဒထုတ်ဖော်ခြင်းကြောင့် ယခုကဲ့သို့အရေးယူခံရခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သူ(၄)ဦးအား ညတွင်းချင်း အမှတ်(၈) မြို့မရဲစခန်းမှတာဝန်ရှိသူများက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ ကျွန်တော်တို့စခန်းကိုရောက်လာတော့ ၄ဦး၊ ကျား(၃)၊ မ(၁)ဖြစ်ပါတယ်၊ ဆန္ဒဖော်ထုတ်သူ လူဦးရေကိုတော့ အတိအကျ မသိရသေးပါဘူး” ဟု အမှတ်(၈)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်သူ(၄)ဦးကို ချမ်းအေးသာဇံမြို့နယ် တရားရုံးသို့ မတ်လ(၂၈)ရက်နေ့က ခေါ်ဆောင်သွားကြောင်း ကိုလည်း ၄င်းက ဆိုသည်။

အဆိုပါ မန္တလေး လျှပ်စစ်မီတာခလျှော့ချရေးအတွက် ခွင့်မတောင်းပဲ ဆန္ဒထုတ်ဖော်သူလေးဦး(ကျား-၃ဦးနှင့်မ-၁ဦး)ကို ပုဒ်မ၁၈ဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ငွေဒဏ်အပြင် အမြင့်ဆုံးထောင်ဒဏ်(၆)လအထိ ကျခံနိုင်သည်ဟု ဥပဒေပညာရှင် အသိုင်းအ၀ိုင်းမှ သိရှိရသည်။

“ပုဒ်မ၁၈နဲ့ အရေးယူခံရမယ်ဆိုရင် ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ်(၆)လ အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်” ဟု တရားရုံးချုပ်ရှေ့နေ ဦးအောင်စိုးထွန်းက ဆိုသည်။

လျှပ်စစ်မီတာခ လျော့ချရေး ဆန္ဒထုတ်ဖော်ပွဲကို မတ်လ(၂၆)ရက်နေ့ ညပိုင်းက ရန်ကုန်၌ လူအင်အား(၃၀) မှလည်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မီဒီယာများမှ တဆင့်သိရှိရသည်။

ဧပြီ(၁)ရက်နေ့မှ စတင်၍ တိုးမြှင့်ကောက်ခံမည့် လျှပ်စစ် မီတာသုံးစွဲခများမှာ အိမ်သုံး(၁)မှ (၁၀၀)ယူနစ်အထိ (၃၅)ကျပ်၊ (၁၀) မှ (၂၀၀) အထိ (၄၀)ကျပ်၊ (၂၀၁)နှင့်အထက် (၅၀)ကျပ်၊ စက်မှုဇုန်သုံး (၁)မှ (၅၀၀)အထိ (၇၅)ကျပ်၊ (၅၀၁)မှ (၁၀၀၀၀)ထိ (၁၀၀)ကျပ်၊ (၁၀၀၀၀)မှ (၅၀၀၀၀)ယူနစ်အထိ (၁၂၅)ကျပ်၊ (၅၀၀၁)မှ (၂၀၀၀၀)အထိ (၁၅၀)ကျပ်၊ (၂၀၀၀၁)မှ (၃၀၀၀၀)အထိ (၁၂၅)ကျပ်၊ (၃၀၀၀၀)နှင့်အထက်ဆိုလျှင် (၁၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ(၁)ရက်နေ့မှ စ၍ မီတာခများတိုးမြှင့်ကောက်ခံမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ သည့်အပေါ်တွင် ယခုကဲ့သို့ လျှပ်စစ်မီတာခလျော့ချရေး ဆန္ဒထုတ်ဖော်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Myit Ma Kha Media Group