ရေစကြိုထန်းသီးမုန့်ရဲ့လျှို့ဝှက်ချက်

ပို့စ်တင်ချိန် - 3/28/2014 01:32:00 PM


ပခုက္ကူနယ်ဘက်မှ အသိအကျွမ်းမိတ်ဆွေတစ်ဦး မန္တလေးလာမည်ဆိုလျှင် ၎င်းတို့ဒေသထွက် ရိုးရာအစားအစာလေးတစ်မျိုးကို မန္တလေးသူ၊ မန္တလေးသားများအတွက် အညာလက်ဆောင်အဖြစ် ယူလာလေ့ရှိပါသည်။

မန္တလေးသူ၊ မန္တလေးသားတွေကလည်းအကြောင်း ကိစ္စကြီးငယ်ရှိ၍ ယင်းနယ် ဘက်များရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင်အဖြစ်
ထိုဒေသထွက် အစားအစာ လေးကို တခုတ်တရ ဝယ်တတ်လေ့ရှိပါသည်။ ထိုအစားအစာလေး ကတော့ ပခုက္ကူခရိုင်ရေစကြိုမြို့
နယ်မှထွက်ရှိသည့် ရေစကြို ထန်းသီးမုန့်ပင်ဖြစ်ပါသည်။

ရေစကြိုထန်းသီးမုန့်ကို မန်းသူမန်းသားတွေတင်ကြိုက်သည် မဟုတ်။ မုံရွာကလည်း ကြိုက်သည်။ ပခုက္ကူကလည်း ကြိုက်သည်။ ရန်ကုန်ကလည်း ကြိုက်သည်။ ပြောရမည်ဆိုလျှင်စားဖူး သူတိုင်း ကြိုက်ကြသည်ဟုပြောလျှင် လွန်မည်မထင်။ရေစကြို ထန်းသီးမုန့်ကို ကိတ်မုန့်နှင့်ပင်တောင် မလဲနိုင်ဘူးဟု စားဖူးသူ အချို့ကဆိုပြန်သည်။စားဖူးသူ တိုင်းစွဲလမ်းခဲ့ကြသည့် ရေစကြို ထန်းသီးမုန့်ပေါ်ပေါက်လာတာ နှစ်ပေါင်းမနည်းတော့ဟု ရေစကြို ထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ အနည်းဆုံး နှစ်ပေါင်းငါး
ဆယ်ထက်မနည်းတော့ဟု ဆိုကြသည်။

ထိုမျှနာမည်ကြီးပြီး သက်တမ်းကြာရှည်လှပြီဖြစ်သည့် ရေစကြိုထန်းသီးမုန့်မှာ နိုင်ငံခြားဖြစ် ကိတ်မုန့်များလိုစက်တွေတဝုန်း ဝုန်းမောင်းပြီး လုပ်ရသည့်မုန့်မျိုး မဟုတ်ပါ။ အညာဒေသရိုးရာ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းလေးတစ်ခုသာဖြစ်ပါသည်။
ရေစကြို ထန်းသီးမုန့်ကို ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင် ရောင်းသူလည်းရှိသည်။ သူများ လုပ်ပြီးသားကို ဖောက်သည်ပြန်ယူ ရောင်း
သူတွေလည်းရှိသည်။ ယခုတော့ သူများလုပ်ပြီးသားမုန့်ကို တစ်ဆင့်ပြန်ယူရောင်းသည်က အများဆုံးဖြစ်သည်။ ရေစကြို ထန်းသီး
မုန့်လုပ်ရန် ပထမဦးဆုံးအဆင့် အနေဖြင့် ညနေပိုင်းတွင် မနောသုခ (သို့မဟုတ်) ပေါ်ဆန်းဆန် လတ်ဆန်အမျိုးအစားနှင့် ဆန်
ကြမ်းကို ငါးပြည်ခန့်စီ ရောကာ တစ်နာရီခန့်ကြာအောင် ရေစိမ်ရပါသည်။ ရေစိမ်လို့ဆန်တွေပွလာပြီဆိုလျှင် ကြိတ်စက်ဖြင့်ကြိတ်ရပါ
သည်။ ရလာသည့်မုန့်ဆန်အရည် မပျစ်မကျဲကို ထန်းလျက်အချိန် တစ်ဆယ်(ဆယ်ပိဿာ)ဖြင့် အင်တုံထဲတွင်စပ်ရသည်။

ထို့နောက် ထန်းသီးလုံးမှည့်မှည့်ကို အခွံခွာ ပြီး ထန်းသီးဆန်များအားလက်ဖြင့် ကြီးဖြင့် မွှေရပါသည်။ နာရီဝက်ခန့်အသားကျအောင်မွှေလိုက်ပြီ ဆိုရင်ဖြင့် အမြှုပ်များထလာတတ်ပါသည်။ အဲဒီအဆင့်ရောက်ပြီဆိုပါကအုန်းမှုတ်ခွက်များကို မုန့်ရည် အတွင်းနှစ်ပေးထားရသည်။ မုန့် သားကောင်းအောင်အတွက်ဟုဆိုပါသည်။ အုန်းမှုတ်ခွက်များစိမ် ထားသည့်မုန့်ရည်ကို ဆန်ကောဖြင့်အုပ်ကာ ခြောက်နာရီခန့်ထား ရပါသည်။ ညဥ့်သန်းခေါင်ယံ အချိန်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ကောင်းချိန်ဖြစ်ပေသိ ထန်းသီး မုန့်လုပ်သူများအတွက်တော့ အိပ်ကောင်းကောင်းဖြင့်အိပ် နေ၍မရပါ။ ညနေမှာဖောက်ထားခဲ့သည့် မုန့်ရည်တွေက ည ၁၂ နာရီကျော် ကျော်လောက်ဆိုလျှင် မုန့်လုပ်ရန် အဆင်သင့်ဖြစ်လေပြီ။ မီးဖိုသူကဖို၊ မိုးပြဲဒယ်ထဲရေဖြည့် သူကဖြည့်ဖြင့် ထန်းသီးမုန့်လုပ်ငန်း စတင်ရပါပြီ။ မီးကောင်းကောင်း ဖြင့်တည်ထားသည့် မိုးပြဲဒယ်အိုးထဲကရေတွေ တပွက်ပွက်ဆူလာပြီး အငွေ့တွေတက်လာပြီဆိုလျှင် ဆန်ကောတစ်ချပ်တင်ရပါသည်။

ထိုဆန်ကောပေါ် ပိတ်စအဖြူတစ်ထည် ထပ်ခင်းရပါသည်။ ထိုပိတ်စအဖြူပေါ်ကို ၆ နာရီ ကျော်စိမ်ထားသည့် မုန့်ဆန်အရည်ပျစ်ပျစ်
တွေလောင်းတင်ရပါသည်။ ကြက်ဥထည့်မည်ဆိုပါက မုန့်တစ်ဗန်း လျှင်နှစ်လုံးခန့်ဖောက်ထည့်ရပါ၏။ ပြီးနောက် အုပ်ဆောင်းအုပ်
ရပြီး အုပ်ဆောင်းအောက်ခြေပတ် ပတ်လည်တွင် အငွေ့လုံစေရန် အဝတ်စုတ်ကိုရေဆွတ်ကာပတ်ရပါသည်။ နှစ်ဆယ့်ငါးမိနစ်ခန့်
လောက်ကြာ၍ အုပ်ဆောင်းဖွင့်ကြည့်လိုက်မည်ဆိုလျှင် အငွေ့ တထောင်းထောင်းဖြင့် ထန်းသီး မုန့်လေးများရရှိလာပါပြီ။ တစ်ခါ
လုပ်လျှင် တစ်ဗန်းသာ ရသောကြောင့် အိုးပြိုင်လုပ်ပေသိ မုန့်ဖောက်သည်ယူမည့်ဈေးသည် များသည်မို့ အားလုံးအတွက်
လောက်ငအောင်လုပ်ပြီးပြီဆို မိုးစင်စင်လင်းလေပြီ။

နံနက်လင်းလျှင် နှီးဆန်ကောနှင့် နှီးတောင်းကိုင်ကာ ထန်းသီးမုန့်သည်များ မုန့်ယူရန်လာကြပါပြီ။ သူတို့နှီးတောင်းထဲမှာ ထန်း
သီးမုန့်အချပ်လိုက်တွေ အထပ်ထပ်စီပြီး ကိုယ်ရောင်းနေကျ ရေစကြိုဈေးနှင့် မြို့ထဲ အရိပ်အာဝါသကောင်းသော သစ်ပင်များ
အောက် နေရာယူသွားကြသည်။ ဈေးဝယ်မလာမီ နှီးတောင်းထဲမှ ထန်းသီးမုန့်ကို နှီးဆန်ကောပေါ်တင်ပြီး အညာထွက်ဆုံဆီ
စစ်စစ်ပုတ်ကာ ညက ကြော်ထားသည့် အုန်းဆန်ကြော်နီနီရဲရဲ ဖြူးထားလိုက်သည်။ ဈေးဝယ်လာပြီဆိုလျှင် မဝယ်မီ ထန်းသီးမုန့်
တစ်မြှောင်းအား ဓားပါးပါးလေးဖြင့်လှီးကာ အုန်းသီးကြော်ထပ်တို့ ပြီးကျွေးတတ်သည်။ ဈေးဝယ်သူ ကကြိုက်ပြီဆိုမှ အလိုရှိသလောက်
နှီးချိန်ခွင်ဖြင့် ခြင်တွယ်ပေးသည်။

ခြင်တွယ်ပြီး ထန်းသီးမုန့်များကို အုန်းသီးကြော်ထပ်ဖြူးပြီး ဖရုံယို ချောင်းလေးတွေအုပ်ပေးသည်။ ဒူးရင်းသီးယို သုတ်ပေးသည်။ ပြီး နောက် ပဲဆီသန့်သန့်ဖြင့် ချက်ထားသည့် အုန်းနို့ချက်ထပ်သုတ်ပြန်သည်။ သကြားဖြူးသည်။ ပြီးနောက် ငှက်ပျောဖက် နုနုပေါ်တင်၊
သတင်းစာစက္ကူ ထပ်ပတ်ကာ အိတ်သန့်သန့်ဖြင့်ထည့်ပေးတတ်ပါသည်။

အချို့ဈေးဝယ်သူတွေက ကလေးတွေတစ်အုပ်လိုက်ကြီး လည်းပါလာတတ်သည်မို့ လူစေ့တက်စေ့ အမြည်းကျွေးရပါသေးသည်။ ထန်းသီးမုန့်တစ်မြှောင်းဆို နှစ်ကျပ်ခွဲသားလောက်တော့ ရှိတာမို့ လေးငါးမြှောင်းကျွေးလိုက်ရပြီဆို တော်တော်လေးတာသွားပြီ။
အမြည်းတွေကိုယ်စီကျွေးပြီးဝယ်တော့အစိတ်သားလောက်ဆိုရင်တော့ သိပ်တွက်ခြေမကိုက်တော့။ သို့ပေသိ ထန်းသီးမုန့်သည်တွေ
ဈေးတွက် မတွက်တော့ပါ။ ‘‘မလှူ နိုင်ဈေးရောင်းဆိုတဲ့အတိုင်း လှူ တယ်ပဲသဘောထားလိုက်တာပါပဲ။ နောက်ပိဿာများများဝယ်မယ့်
သူနဲ့ပြန်ထေရတာပေါ့’’ဟု ထန်းသီးမုန့်သည်ဒေါ်တင်တင်ကပြောသည်။ တစ်ဦးတည်းလာပြီး ပိဿာ လိုက်များများဝယ်တော့ အမြည်း
နည်းနည်းသာကျွေးရသည့် အတွက် လမ်းစားဆိုပြီး ထန်းသီးမုန့်အား အထုပ်သတ်သတ်ထုပ်ကာပေးတတ်ပါသေးသည်။
ရေစကြိုထန်းသီးမုန့် အရောင်းရဆုံးအချိန်က ယခုလို တပေါင်းလ ပခန်းကိုကြီးကျော်ပွဲချိန်ဖြစ်သည်။

ပြီးခဲ့သည့် ကိုကြီးကျော်ပွဲချိန်တုန်းကဆို ထန်းသီးမုန့်လုပ်သူရော၊ ရောင်းသူပါ ရောင်းရလိုက်တာများ တစ်ချက် လေးမှမနားရ။ ပွဲတော်ပြန်တွေရဲ့ကားပေါ်မှာ ရေစကြို ထန်းသီးမုန့်ထုပ်လေးတွေက တွဲလောင်းကျကာဝှေ့ယမ်းလို့။ ပခန်းကိုကြီး ကျော်ပွဲရောက် ရှမ်းပြည် နယ်ဘက်မှ ရှမ်းအမျိုးသမီးတစ်ဦးကို ဒေသခံတွေက ရေစကြိုထန်းသီးမုန့်ဝယ်ကျွေးလိုက်တာ ငါးဆယ်သားကို တစ်ယောက်တည်း စားပစ်သတဲ့။‘‘သူက စားလို့ကောင်းလွန်း လို့ဆိုပြီး ပြန်ရင်လည်း ဝယ်ပေးလိုက်ဖို့ပြောသေးတယ်တဲ့’’ဟု ထန်းသီးမုန့်သည်ဒေါ်တင်တင်က သူတို့ထန်းသီးမုန့်ကြိုက်ကြပုံကို ဂုဏ်ယူစွာဖြင့်ပြောပြသည်။

‘‘ကိုယ့်မုန့်လေးကြိုက်တယ်ဆိုရင် ပီတိဖြစ်တယ်။ ဒီထက်ကောင်းအောင်ကိုထပ်လုပ်ပေးချင်တာ’’ ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝင်း
ဝင်းခိုင်ကဆိုပါသည်။ အချို့ကျတော့ ကိုယ်တိုင်ရေစကြိုကိုမကြုံရင်တောင် ကားဂိတ်ကနေလှမ်းမှာတတ်သည်။ တရားပွဲတွေမှာ မိမိတို့ကိုး ကွယ်သည့် ဆရာတော်ဘုရား၏ မွေးနေ့တွေမှာ ဧည့်ခံကျွေးမွေးဖို့ မှာတာတွေ လည်းရှိသည်။ စားဖို့သက်သက်
မှာတာတွေလည်းရှိသည်။ ထန်းသီးမုန့်အချိန်တစ်ရာ (ပိဿာတစ်ရာ)လောက်ထိမှာကြသည်။ အဲဒီ လိုမှာရင်ဖြင့် ထန်းသီးမုန့်နဲ့အပေါ်
ကဖြူးတဲ့ အစာတွေကို သတ်သတ်စီခွဲထည့်ကာ ဂျပ်ဖာများဖြင့် ကားဂိတ်ကနေ တင်ပေးရသည်။ အချို့က ထန်းသီးမုန့်ကို ထူးရှယ်အဖြစ်
နို့စိမ်းပါ ထည့်လုပ်ခိုင်းသည်။ အဲဒီလိုအခါ ဆိုရင်တော့ ပုံမှန်တစ်ပိဿာနှစ်ထောင့်လေးရာပေမယ့် တစ်ပိဿာ သုံးထောင်လောက်
ဈေးဖြစ်သွားသည်ဟု ထန်းသီးမုန့် လုပ်သူများက ဆိုပါသည်။

ရေစကြိုမြို့ဝန်းကျင် ရွာ အချို့မှာတော့ မင်္ဂလာဆောင်ကို ရေစကြိုထန်းသီးမုန့်နဲ့ ဧည့်ခံတာ မျိုးလည်းရှိသည်ဟု ထန်းသီးမုန့်
လုပ်ငန်းလုပ်ကိုင်သူဦးစိန်အောင်မင်းကဆိုပါသည်။ နောက်ပြီး ရေစကြိုရဲ့မြန်မာ့ရိုးရာဓလေ့တစ် ခုတွင်လည်း ရေစကြိုထန်းသီးမုန့်
က ပါပြန်သည်။ မွေးချင်းထဲက (သို့မဟုတ်) မိတ်ဆွေအပေါင်း အသင်းထဲက အိမ်အသစ်ဖြစ်စေ၊ တိုက်အသစ်ဖြစ်စေဆောက်နေ သည်ဆိုပါက ဆောက်လုပ်ပေး မည့်လက်သမားအဖွဲ့ကို ရေစကြို ထန်းသီးမုန့်သွားကျွေးရသည်ဟု ဆိုပါသည်။ ထိုဓလေ့အား အိမ်ဆောက်ချသည်ဟုဆိုပါသည်။

အကယ်၍ စာဖတ်သူအနေ ဖြင့် ရေစကြိုသားနှင့်ဖြစ်စေ၊ ရေစကြိုသူနှင့်ဖြစ်စေ အကြောင်းပါပြီး အဲဒီမှာ မင်္ဂလာသွားဆောင်ကြပြီ
ဆိုပါစို့။ စာဖတ်သူနှင့် အတူပါလာကြမည့် သင့်မိဘဆွေမျိုးတွေအတွက် အိမ်အပြန်လက်ဆောင် ရေစကြိုထန်း သီးမုန့်တွေ တနင့်တပိုး
ကြီး ဝယ်ထည့်ပေးမှာ သေချာသည်။ ‘‘မင်္ဂလာဆောင်ရှိတဲ့အခါ မျိုးဆိုရင် တအားရောင်းကောင်းတာ’’ဟု ထန်းသီးမုန့်သည်အမျိုး
သမီးတစ်ဦးက ဆိုပါသည်။ မြို့ကြီးပြကြီးရောက်နေတဲ့ ရေစကြိုသားတွေထံ လူကြုံရှိလို့ ဘာမှာဦးမလဲမေးလိုက်ရင် မြန်မာ
လူမျိုးဓလေ့ထုံးစံအတိုင်း မိဘဆွေမျိုးမိတ်ရင်းဆွေရင်းအပြင် ကိုယ့်ဒေသထွက်မုန့်ပါလွမ်းတတ်ကြသည်မို့ ရေစကြိုထန်းသီးမုန့်
သာယူခဲ့ဖို့ ဆက်ဆက်မှာကြသည်။

ကိုယ်တိုင်စားဖို့အပြင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုပါ ကိုယ့်ဒေသထွက် အစား အစာကို ဂုဏ်ယူစွာနဲ့ကျွေးတတ် ကြသည်။
ခုတော့ ရေစကြိုထန်းသီးမုန့်လေးတွေက ကားစီးပြီး ရန်ကုန်တို့၊ မန္တလေးတို့ မြို့ကြီးတွေဆီ သွားရတာတင် အားမရတော့။ ရေ
စကြိုနယ်သားအချို့လည်း ဝမ်းရေးအတွက် ပြည်ပရောက်ကုန် ကြပြီမို့ လူကြုံရှိသည့်အခါ မှတ်မှတ်ရရ မှာတတ်သည့်အတွက် ရေ
စကြိုထန်းသီးမုန့်များ လေယာဉ်ပျံတောင်စီးနေရလေပြီ။ အဝေးရောက်အညာသားများ ထန်းသီးမုန့်စားရင်း အိမ်အလွမ်းတွေ ဖြေ
ကြလေပြီ။ ‘‘တစ်လောကတောင် စင်ကာပူကနေမှာလို့ ထည့်ပေး လိုက်ရသေးတယ်’’ဟု ထန်းသီးမုန့် လုပ်သူ ဒေါ်ဝါဝါခိုင်က ပြောပြ
သည်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ တိုင်းတစ်ပါး အစားအစာတွေက ဘယ်လောက်ပဲဝင်လာလာ၊ ကမ္ဘာ၏မည်သည့် အရပ်
တွင်ရှိနေသည်ဖြစ်ပါစေ အညာပြန်လက်ဆောင် ရေစကြို ထန်းသီးမုန့်ကိုတော့ဖြင့် မက်မက်မောမောစားချင်နေသူတွေကတော့ ရှိ
နေတုန်းပင်ဖြစ်ပါသည်။

7 Day Daily