တရုတ်အစိုးရ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကြောင့် ကျောက်စိမ်းအရောင်းအ၀ယ်ပါး

ပို့စ်တင်ချိန် - 3/28/2014 01:26:00 PM


တရုတ်မြန်မာနယ်စပ်ရှိ ကြယ်ခေါင်မြို့ရှိ ကျောက်စိမ်းအရောင်းဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ် (Photo - 7DAYDAILY)

တရုတ်အစိုးရက ထိပ်ပိုင်းအရာရှိများ၏ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်ပြီး ၀င်ရောက်စစ်ဆေးအရေးယူမှုများ ပြုလုပ်နေသဖြင့် မြန်မာနိုင်ငံမှ  တန်ဖိုးမြင့် ကျောက်စိမ်းကျောက်မျက်ဈေးကွက်တွင် အရောင်းအ၀ယ်နည်းသွားကြောင်း မြစ်ကြီးနား ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးလာခရီလာအောင်ကပြောသည်။

 မတ်လ ပထမပတ်မှစ၍ တရုတ်နိုင်ငံတွင် အစိုးရအရာရှိများ၏ အသုံးအဖြုန်းလျှော့ချရေးနှင့်  လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစေရေးအတွက် စီမံချက်ပုံစံဖြင့် တရုတ်သမ္မတက စတင်ပြုလုပ်နေသောကြောင့် ငွေအများစု ဖြုန်းနိုင်သည့် အစိုးရအရာရှိများ၏ အ၀ယ်လျော့ကျလာပြီး မြန်မာ့ကျောက်စိမ်းဈေးကွက် စတင်ကျဆင်းလာကြောင်း  အထက်ပါအတွင်းရေးမှူးက  ဆိုသည်။

ထို့အပြင် နေပြည်တော်တွင် တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်လေ့ရှိသော ကျောက်စိမ်းကျောက်မျက်ပြပွဲကို ယခုနှစ်၌  မပြုလုပ်ရသေးသဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း  ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင် ဦးစိုင်းသီဟန်ကလည်း ဆိုသည်။

‘‘တစ်နိုင်တစ်ပိုင်သမားတွေဆီကထွက်တဲ့ ကျောက်တွေလည်း ရှားလာသလို တရုတ်က လုပ်လိုက်တဲ့ အစီအစဉ်တချို့ကြောင့် ဈေးကျလာပြီး အ၀ယ်လည်းအေးလာတယ်’’ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းကျောက်မျက် အများစုကို တရုတ်နိုင်ငံက အဓိက၀ယ်ယူနေပြီး တရုတ်ဈေးကွက်ကို မှီခိုနေရသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကာလရှည် အရောင်းအ၀ယ်အေးလာနိုင်ကြောင်း လုပ်ငန်းရှင်အချို့ကသုံးသပ်သည်။

 ယခင်က တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များသည်  တရုတ်ဘဏ်များတွင် ငွေကို အတိုးနှုန်းသက်သာစွာ ချေးယူပြီး မြန်မာပြည်တွင် ကျောက်စိမ်းကို ဈေးနှုန်းသက်သာသောကြောင့် တရားမ၀င်လမ်းကြောင်းမှတစ်ဆင့် အများဆုံး ၀ယ်ယူစုဆောင်းလေ့ရှိကြသည်။

ထို့အပြင် တရုတ်အစိုးရက တရုတ်အရာရှိများ၏  ငွေပိုငွေလျှံအသုံးချမှုများကို ထိန်းချုပ်ရန်အတွက် အတိုးနှုန်းသက်သာသည့် ဘဏ်များကို အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန်   စီစဉ်နေကြောင်း တရုတ်သတင်းဌာနအချို့တွင် ရေးသားဖော်ပြထားသည်။

ကျောက်စိမ်းအဓိကထွက်ရှိရာ ကချင်ပြည်နယ်တွင်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်  ကျောက်စိမ်းလုပ်ကွက် အကြီးစားများ ရပ်တန့်ထားရသည်မှာ ၂ နှစ်ကျော်နေပြီဖြစ်သည်။

7 Day Daily