အင်းစိန်ထောင်အတွင်း ထောင်သားတစ်ဦး မိမိကိုမိမိ သေကြောင်းကြံ

ပို့စ်တင်ချိန် - 5/29/2014 09:19:00 PM


ကျော်စိုးမိုး

ရန်ကုန်၊ မဇ္ဈိမ။ ။ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် မူးယစ်ပုဒ်မဖြင့် ထောင်ကျနေသူတစ်ဦး မိမိကိုယ်ကို သေကြောင်း ကြံစည်သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ရက်၊ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ယုဇနလမ်းတွင်နေထိုင်သည့် အသက် ၃၉နှစ်အရွယ် ဦးမောင်မောင်ထွေး(ခ) စလင်းသည် ဆိပ်ကမ်းမြို့နယ်တရားရုံး၏ ပြစ်မှုကြီးအမှတ် ၁၈၈/၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာပုဒ်မ ၁၆(ဂ)/၂၁ အရ မေလ ၁၅ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၆နှစ်
ပြစ်ဒဏ်ကျခံနေရသူဖြစ်သည်။

ထို့ပြင် အနောက်ပိုင်းခရိုင်တရားရုံး၌လည်း ပြစ်မှုကြီးအမှတ် ၄၁/၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅/၂၀ (ဂ) ဖြင့်တရား ရင်ဆိုင်နေရသူဖြစ်သည်။

ဦးမောင်မောင်ထွေး(ခ)စလင်းသည် ၎င်းအကျဉ်းကျခံနေသည့် အမှတ် (၅)တိုက်၊ အခန်းအမှတ် (၁၁)တွင် အလျား ၂လက်မ၊ အနံ ၁လက်မခွဲခန့်ရှိသည့် သွပ်ပြားစ အဟောင်းဖြင့် လည်ပင်းအားလှီးခဲ့သောကြောင့် စလုတ်အထက်တွင်
၎လက်မခန့်ရှိသော ကန့်လန့်ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိခဲ့သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိမိကိုယ်မိမိ သေကြောင်းကြံစည်သူကို အရေးယူ ပေးပါရန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ
ကြီးကြပ်ရေးမှူးအောင်နိုင်ထွန်း၏ တရားလိုပြု တိုင်တန်းမှုအား အင်းစိန်မြို့မရဲစခန်း (ပ)၅၀၄/၁၄၊ ပြစ်မှုပုဒ်မ ၃၀၉ဖြင့်
စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

Mizzima Burmese