ဆီးဂိမ်းကရသည့် ကာယဗလနှင့် ပြေးခုန်ပစ် ရွှေတံဆိပ် ၂ ခု ပြန်အပ်ရမည်

ပို့စ်တင်ချိန် - 5/29/2014 08:42:00 PM


၂၇  ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းမှာ မြန်မာတွေ ရရှိခဲ့တဲ့ ပြေးခုန်ပစ် အားကစားနည်းထဲက  ရွှေတံဆိပ် ၁ ခုနဲ့ ကာယဗလ အားကစားနည်းက ရွှေတံဆိပ် ၁ ခု   ဆီးဂိမ်းအဖွဲ့ချုပ်ကို ပြန်အပ်ရတော့မှာ ဖြစ်ပါတယ်။

ပြေးခုန်ပစ် ကစားနည်းမှာပါဝင်တဲ့ ကီလို ၂၀ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲရဲ့ ရွှေတံဆိပ်ဆုရှင် မစောမာလာနွယ်နဲ့ ကာယဗလ အားကစားနည်းက ကိုမင်းဇော်ဦးတို့ဟာ တားမြစ်ဆေးဝါးသုံးစွဲခဲ့တာ တွေ့ရှိခဲ့တာကြောင့်ဖြစ်ပြီး နှစ်ယောက်စလုံးကို ကစားခွင့် ၂ နှစ်ပိတ်ပင်သွားမယ်လို့ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် ဆေးဘက်ဆိုက်ရာကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

အလားတူ ဘရူနိုင်းက ပြေးခုန်ပစ် အားကစားသမား တဦးလည်း တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သံသယရှိနေတဲ့ ထိုင်းနဲ့မလေးရှားက ကစားသမား တဦးစီကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး  ဆေးသုံးစွဲကြောင်း တွေ့ရမယ်ဆိုရင် ဒီနှစ်ဆီးဂိမ်းမှာ တားမြစ်ဆေးသုံးတဲ့ ကစားသမား ၅ ဦး ရှိလာတော့မယ်လို့ ဆိုပါတယ်။

ဒီလိုရွှေတံဆိပ်ဆုတွေ ပြန်အပ်လိုက်ရတာနဲ့ ပက်သက်ပြီး      အားကစားအဖွဲ့ချုပ်က ဇွန်လဒုတိယ အပတ်လောက်ထဲမှာ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်သွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၈၆ ခု နဲ့နိုင်ငံအလိုက် ဒုတိယ နေရာရရှိခဲ့ပြီး ထိုင်းနိုင်ငံက ရွှေ ၁၀၇ ခုနဲ့ ပထမ၊ ဗီယက်နမ်က ရွှေ ၇၃ ခုနဲ့ တတိယရရှိခဲ့ပါတယ်။

DVB Burmese