ပါကစ္စတန်တာလီဘန် နှစ်ခြမ်းကွဲ

ပို့စ်တင်ချိန် - 5/29/2014 08:37:00 PM




အစ္စလာမ္မာဘတ်၊ မေ ၂၈

ပါကစ္စတန် တာလီဘန်အဖွဲ့ကြား သဘောထား ကွဲလွဲမှုများ သိသိသာသာ ဖြစ်ပွားခဲ့ခြင်းကြောင့် အုပ်စုနှစ်စုအဖြစ် နှစ်ခြမ်းကွဲသွားပြီဖြစ်ကာ အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးနိုင်မည့် အလားအလာများ လျှော့ကျသွားကြောင်း Reuters သတင်းတွင် သုံးသပ်ဖော်ပြထားသည်။

တာလီဘန်အဖွဲ့ကို ငွေကြေးနှင့် တိုက်ခိုက်ရေးသမားများ အဓိက ထောက်ပံ့ပေးနေသည့် တောင်ပိုင်း ဝါဇီရီစ္စတန် နယ်မြေ အခြေစိုက်မတ်ဆု လူမျိုးစု ပြိုက်ဘက်အုပ်စု နှစ်ခုကြား ကွဲပြားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ခွဲထွက်လာသော အုပ်စုက ပါကစ္စတန် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သော်လည်း ပင်မသောင်းကျန်းသူအဖွဲ့က အစိုးရနှင့် လုံခြုံရေး ပစ်မှတ်ထားကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

“လက်ရှိ တာလီဘန် ခေါင်းဆောင်ပိုင်းနဲ့ တိုက်ခိုက်ရေး သမားတွေက ကြေးစား လူသတ်သမားတွေ ဖြစ်လာပြီး အစ္စလာမ္မစ် လှုပ်ရှားမှုနဲ့ မညီညွတ်တဲ့ သတ်ဖြတ်မှု၊ လုယက်မှု၊ ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှု စတာတွေ လုပ်လာပါတယ်” ဟု ခွဲထွက်ရေး အုပ်စု ပြောရေးဆိုခွင့်ရှိသူ အဇန်တာရစ်က ပြောကြားသည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ တာလီဘန် ခေါင်းဆောင်ပိုင်းထံမှ မှတ်ချက်ပေး ပြောကြားမှု မရရှိသေးပေ။

ပါကစ္စတန် တာလီဘန်အဖွဲ့သည် အုပ်စုကွဲ အသီးသီးကြား သမဂ္ဂအဖွဲ့ စုစည်းထားသည့် အဖွဲ့ဖြစ်ပြီး တစ်ခါတစ်ရံ အုပ်စုများကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားလေ့ ရှိသည်။

ထို့အပြင် လက်ရှိနောက်ဆုံး ဖြစ်ပေါ်လာသော အုပ်စုကွဲမှုကြောင့် အစိုးရအဖွဲ့မှာ သောင်းကျန်းသူများနှင့် ငြိမ်ချမ်းရေး ဆွေးနွေးရာတွင် အခက်အခဲ တွေ့မည်ဖြစ်သည်။

ပါကစ္စတန် တာလီဘန် ခေါင်းဆောင် အားလုံးနီးပါးမှာ မတ်ဆု လူမျိုးစုဝင်များဖြစ်ပြီး လက်ရှိအကြီးအကဲ ဖြစ်သူမှာမူ အပြင်းအထန် အာဏာလုပြီးနောက် အကြီးအကဲရာထူး ရရှိထားခြင်း ဖြစ်သည်။

ခွဲထွက်သွားသော အုပ်စုကို ခန်ဟု အမည်ရသော တပ်မှူးတစ်ဦးက ခေါင်းဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လိုလားသောလည်း ရှီယာမတ်ဆု ဦးဆောင်သော ပင်မအုပ်စုက ဆွေးနွေးမှုများကို ငြင်းပယ်ကာ အစိုးရကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ဆိုထားသည်။

ပါကစ္စတန် အခြေစိုက် ပါကစ္စတန် တာလီဘန်အဖွဲ့နှင့် အာဖဂန်အခြေစိုက် အာဖဂန် တာလီဘန်အဖွဲ့ကြား ပူးပေါင်း ဆောင်ရွက်မှု ရှိသော်လည်း နှစ်ဖွဲ့စလုံးမှာ သီးခြား ရပ်တည်သည့် အဖွဲ့များ ဖြစ်သည်။

တာလီဘန် အုပ်စုများကြား ပြင်းထန်သော တိုက်ခိုက်မှုများ မကြာသေးမီ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ရေးသမားများစွာ စံချိန်တင် သေဆုံးပြီးနောက် ညီညွတ်ရေး လုပ်ဆောင်ရန် အာဖဂန်နှင့် ပါကစ္စတန် တာလီဘန် ခေါင်းဆောင်များက အရေးတကြီး တိုက်တွန်းလိုက်သည်။

နောက်ဆုံး ထွက်ပေါ်လာသော ပါကစ္စတန် တာလီဘန်များကြား အုပ်စုကွဲမှုကို ဆွေးနွေးနိုင်ရန် ခေါင်းဆောင်မှု အစည်းအဝေးတစ်ရပ် စတင်ရန် အာဖဂန်နှင့် ပါကစ္စတန် တာလီဘန်ထိပ်တန်း တပ်မှူးများက ပြောကြားလိုက်သည်။

The Voice Weekly