အီရတ်နိုင်ငံတွင် အကြမ်းဖက်မှုကြောင့် လူ ၆၀ ခန့် သေဆုံး

ပို့စ်တင်ချိန် - 5/29/2014 09:15:00 PM


အီရတ်နိုင်ငံတ၀န်းမှာ ကားဗုံးခွဲမှု၊ အသေခံတိုက်ခိုက်မှုနဲ့ လုပ်ကြံသတ်ဖြတ်မှု စတဲ့ အကြမ်းဖက်မှုတွေကြောင့် မေလ ၂၈ ရက်နေ့ တနေ့တည်းမှာတင် အနည်းဆုံး လူအယောက် ၆၀ လောက် သေဆုံးပါတယ်။

မြို့တော် ဘဂ္ဂဒက်ရဲ့ ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်အများစုရှိရာ ဒေသနဲ့ မြောက်ပိုင်း မိုဆူးလ်မြို့တွေမှာ သွေးစွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသတွေဟာ အစ္စလာမစ် အီရတ်ပြည်နယ် ISIL ကို ခွဲထွက်ချင်သူတွေ အယ်လ်ကေဒါတွေရဲ့ ခြေကုပ်နေရာ ဖြစ်ပါတယ်။

မြို့တော် ဘဂ္ဂဒက်က ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်တွေနေရာ အယ်လ်အာမင်ခရိုင်မှာ လူထူတဲ့ အဓိကလမ်းပေါ် လမ်းဘေးဈေးသည်တွေနားမှာ ကားဗုံးတလုံးပေါက်ကွဲမှု ကြောင့် အရပ်သား ၁၀ ယောက် သေပြီး ၂၉ ယောက် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဆိုင်တွေ ပျက်စီးပြီး ရပ်ထားတဲ့ ကားတွေ မီးလောင်ကုန်ပါတယ်။

ဘဂ္ဂဒက်မြို့ ဆာဒါမြို့နယ်မှာလည်း တက်စီအငှားချတဲ့ မီနီဗင်တစီးက ပေါက်ကွဲမှုမဖြစ်ခင် နာရီပိုင်း အလိုမှာ ကားမောင်းသူက ကားကို စွန့်ပစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူ ၄ ယောက် သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရတယ်လို့ ရဲဘက်နဲ့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။

ဂျီဟတ်ခရိုင်တွင်း ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂ ယောက်သေဆုံးပြီး တခြား ၇ ယောက် ဒဏ်ရာရပါတယ်။ ဘဂ္ဂဒက်မြို့တလွှား တခြား တိုက်ခိုက်မှုတွေကြောင့် တခြားလူ ၂၂ ယောက်သေဆုံးပါတယ်။

ဘာသာရေးရပ်ကွက် ခါဒီမီယာက စစ်ဆေးရေးစခန်းမှာ အသေခံ ကားဗုံးခွဲမှုကြောင့် လူ ၁၁ ယောက် သေဆုံးတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။

DVB Burmese