အခြေခံဥပဒေ ပြင်ဆင်ရေးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် မသက်ဆိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပို့စ်တင်ချိန် - 5/29/2014 11:54:00 AM


ရန်ကုန်၊ မေ ၂၇

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မေလ ၂၇ ရက်က နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် NLD ပါတီရုံးတွင် ပြုလုပ်သော အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒပြု လက်မှတ်ရေးထိုးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ဆန္ဒအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းတာ မပြောင်းတာ ဖြစ်ရတယ်။ ပြည်သူလူထုရဲ့ သြဇာမလွှမ်းမိုးဘဲနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ သြဇာလွှမ်းမိုးနေတာ ဘယ်လိုမှ ဒီမိုကရေစီ နည်းမကျဘူး။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နဲ့လည်း မဆိုင်ဘူး၊ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း မဆိုင်ဘူး၊ နောက်တက်မယ့် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း မဆိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်များကို ဝန်ထမ်းများ မရေးထိုးရန် မည်သည့် ဥပဒေကမှ တားမြစ်ထားခြင်း မရှိသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား များလည်း ဝင်ရောက် လက်မှတ်ရေးထိုးရန် ၎င်းက တိုက်တွန်း ပြောဆိုသည်။

သို့သော် ယင်းနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာ့နိုင်ငံရေးတွင် ခေတ်အဆက်ဆက် နိုင်ငံရေး ဦးဆောင်ကဏ္ဍမှ ရပ်တည်လာခဲ့သော တပ်မတော်ကို အာဏာချုပ်ကိုင်ရေး အဝန်းအဝိုင်း အတွင်းမှ ဆွဲထုတ်ရေးကို အတင်းအကျပ် လုပ်ယူမရကြောင်း ပြောကြားသည်။

“ကျွန်တော်တို့လည်း လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိတာကို မကြိုက်ပါဘူး။ ဒါပေမဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရသေးတဲ့အချိန်မှာ သူရဲ့ ချုပ်ကိုင်မှုကို အတင်းလျှော့ချလို့ မရပါဘူး၊ နားလည်မှုရှိရှိနဲ့ သူ့ဟာသူ ဆုတ်ခွာသွားမှာကို လမ်းကြောင်း ဖွင့်ပေးပို့ပဲ လိုတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မေလ တတိယပတ်အတွင်း မန္တလေးတိုင်းဒေသကြီး အောင်ပင်လယ်တွင် ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သား ကိုယ်စားလှယ်များကို ထိခိုက်ပြောဆိုမှု များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သောကြောင့် ဟောပြောမှုများကို သတိထားရန် အသိပေး စာတစ်စောင်ကို မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူကာ ပေးပို့ထားသည်။

အဆိုပါပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒလက်မှတ် များကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူလူထုထံမှ ကောက်ယူသွားမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ထံသို့လည်း ပေးပို့မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံရန် လိုအပ်သော်လည်း လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောထားသည် အဓိက ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ထောက်ပြ ပြောဆိုထားသည်။

The Voice Weekly