နိုင်ငံ့ဘဏ္ဍာငွေအလွဲသုံးသူများ၏နိုင်ငံခြား ဘဏ်စာရင်းများလော၊ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့်ငါးခုကို အစိုးရအနေဖြင့်ဖော်ထုတ်ရှင်းလင်းရန် လိုလာ

ပို့စ်တင်ချိန် - 9/12/2013 12:44:00 PM

#သတင်းဆောင်းပါး

မြန်မာနိုင်ငံမှနိုင်ငံခြားဘဏ်များတွင်ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိနေပြီးအဆိုပါ ဘဏ်စာရင်းများကြောင့်မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်ကအကြွေးလျှော်ပေးမည့်အခွင့်အရေး လက်လွှတ်ခဲ့ရကာ နစ်နာရမှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေနှင့်ဘဏ်စာရင်း ငါးခုအတွက်ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာသည်ဟုစီးပွားရေးပညာရှင်များက ဆိုသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိသော ဘဏ်အကောင့်ငါးခုကိုနိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှအပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်းဖြစ်ကြောင်းကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာကစက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့်ကမ္ဘာ့ဘဏ်တွင် တင်ရှိနေသည့်အကြွေးမှာ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၈၉၀ ကျော် တင်ရှိနေကြောင်း၊တစ်ဘီလျံပင်မရှိသည့် ယင်းပမာဏသည်နဂိုချေးထားသည့်ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှအတိုးများ တက်လာခြင်းကြောင့်စုစုပေါင်း အကြွေးမှာ တစ်ဘီလျံနီးပါးအထိရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်မြန်မာနိုင်ငံမှပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိနေခဲ့ကြောင်း ကိုကမ္ဘာ့ဘဏ်မှအာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။

၎င်းကဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှကမ္ဘာ့ဘဏ်ချေးငွေနှင့်စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင်ယခင်အစိုးရ လက်ထက်များက တင်ရှိသည့်အကြွေးများ လျှော်ပေးရန်တောင်းဆိုပါက လျှော်ပေးလေ့ရှိ သော်လည်းမြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင် ငံများကဲ့သို့ အခွင့်အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင်ဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ အပ်နှံထားသည့်အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

"မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကိုအစိုးရသစ်နိုင်ငံအသစ် ဖြစ်သွားလို့အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့လုပ်လို့မရဘူး။ တခြားနိုင်ငံတွေ ဆိုရင်ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကိုဘာလို့လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ်စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူအကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီအကောင့်ငါးခုမှာ ၁၁ ဘီလျံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့်ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကိုမေးခွန်းထုတ်တယ်။ အကြွေးတွေလည်းလျှော်မပေးခဲ့ဘူး" ဟုလည်း ကမ္ဘာ့ဘဏ်၊အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအားကြွေးမြီနှင့်ပတ်သက်၍ဖြေရှင်းရန် နည်းလမ်းသုံးခုပေးခဲ့ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုကိုလုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊မြန်မာပြည်သူများ အနေဖြင့်အဆိုပါဘဏ်စာရင်းငါးခုနှင့်ပတ်သက်၍ မသိကြသေးကြောင်း၎င်းကထုတ်ဖော်ခဲ့သည်။

Mr.Jelson Garcia က "အဲဒီအတွက် မြန်မာနိုင်ငံကိ Option သုံးခု ထုတ်တယ်။ ၁၁ ဘီလျံရှိတဲ့ ဘဏ်အကောင့်ငါးခုထဲကထုတ်ပြီးဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ်ကြားကနေပြီး အကြွေးဟောင်းကိုဆပ်ပြီးအကြွေးသစ်ကို လုပ်ပေးတဲ့သူကိုရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေပေါင်းပြီးTrust Bank လိုမျိုးကမ္ဘာ့ဘဏ်ကိုရန်ပုံငွေလိုများ လုပ်မလားဆိုပြီးထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကိုရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီအကောင့်ငါးခုကို ခုထိမြန်မာပြည်သူတွေ မသိသေးဘူး" ဟု Mr.Jelson Garcia က ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီးအကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့မြန်မာနိုင်ငံမှတင်ရှိနေသည့် ကြွေးမြီများကိုဝင်ရောက်ဖြေရှင်းပေးခဲ့ခြင်းဖြစ် ကြောင်း၊မြန်မာနိုင်ငံ အနေဖြင့်ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်းပေးသည့်အတွက်ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေးကျေသွားပြီ ဖြစ်သော်လည်း အဆိုပါအကြွေးအမေရိကန်ဒေါ်လာ သန်း၈၉၀ ကျော်အားဂျပန်နိုင်ငံသို့ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆိုသည့်ပမာဏမှာ မြန်မာ့သဘာဝဓာတ်ငွေ့များပြည်ပသို့လေးနှစ်နီးပါး ရောင်းချမှုမှရရှိသည့်ငွေစုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်။

မြန်မာနိုင်ငံ၏ နံပါတ် (၁) ၀င်ငွေအကောင်းဆုံးပို့ကုန် သဘာဝဓာတ်ငွေ့အား၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ လေးနှစ်တိတိ တင်ပို့ရာတွင်အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်သာ ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့်နိုင်ငံတကာမှ နှစ်ပေါင်းများစွာ ချေးယူထားပြီး၂၀၁၂ ခုနှစ်အထိ ပြည်ပသို့ ပြန်ဆပ်ရန်ကျန်သည့် အကြွေးစုစုပေါင်း ပမာဏသည်ပင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်သာ ရှိသည်။

နိုင်ငံတွင်အကြွေး၁၁ ဘီလျံရှိနေချိန်နိုင်ငံတော် အစိုးရသည်ပင်အကြွေးဆပ်ရန်မထိရဲခဲ့သော ဘဏ်စာရင်းငါးခုထဲတွင်အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီးအဆိုပါဘဏ်စာရင်း ငါးခုကြောင့်လည်းနိုင်ငံတော်အနေဖြင့် အကြွေးလျှော်ခွင့်ရမည့် အခွင့်အရေးမှာ လက်လွှတ်ခဲ့ရပြီဖြစ်သည်။

၎င်းအပြင်မြန်မာနိုင်ငံအနေဖြင့်ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှအတိုးနှုန်း၎ ဒသမ၅ ရာခိုင်နှုန်းအထိ ပေးရမည့်ချေးငွေများကိုမ ရယူသုံးစွဲနေရချိန်တွင်မြန်မာနိုင်ငံမှဒေါ်လာ ၁၁ ဘီလျံကိုအတိုးနှုန်းနှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့်နိုင်ငံခြားဘဏ်များတွင်သွားရောက်အပ်နှံ ထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။

အတိုးများများဖြင့်ယူသုံးပြီးအတိုးနည်းနည်းသာ ပြန်ရမည့်ဘဏ်များတွင်ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည်ဆိုခြင်းကိုအစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီဖြစ်ကြောင်းနှင့်ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့်ဘဏ်စာရင်းသို့မဟုတ် ပုဂ္ဂလိကနှင့်အဖွဲ့အစည်းများကပိုင်ဆိုင်သည့် ဘဏ်စာရင်းဟုတ်မဟုတ်ရှင်းလင်းရန် လိုအပ်လာသည်။

နိုင်ငံတော်၏ သစ်၊ကျောက်မျက်၊တွင်းထွက်၊ သတ္တု၊သဘာဝဓာတ်ငွေ့အပါအ၀င် နိုင်ငံ့သယံဇာတများရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်သယံဇာတအရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့်ဥပမာအားဖြင့်လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိမြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်းအပါအ၀င်စီမံကိန်းပေါင်းများစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများအဆိုပါ ဘဏ်စာရင်းများထဲ၌ပါနေခြင်းရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့်အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။

နိုင်ငံနစ်နာသည့်အတွက်အဆိုပါ ဘဏ်စာရင်း ငါးခုအားနိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန်လိုအပ်လာကြောင်းနှင့်အဖွဲ့ဖွဲ့စစ်ဆေး ရန်လိုအပ်လာကြောင်း၊အရေးယူသင့်လျှင်ပင် အရေးယူရမည်ဖြစ်သည်ဟု ဥပဒေနှင့်စီးပွားရေး ပညာရှင်တစ်ဦးကထောက်ပြခဲ့သည်။

ဥပဒေနှင့် စီးပွားရေးပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းကဖြစ်ခဲ့တာဆိုရင် လည်းဥပဒေကိုချိုးဖောက်ရင် စစ်ဆေးအရေးယူခွင ရှိတယ်။ ဥပဒေနဲ့အညီလုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလားဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီးအများပြည်သူကိုချပြသင့်ပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်ကလုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင်စစ်ဆေးအရေးယူခွင့်ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီးကိုယ်ကအတိုးနှုန်း၎ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့်ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီးသုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်းငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ်အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီးအများပြည်သူကို ချပြသင့်တယ်" ဟုထောက်ပြခဲ့သည်။

စီးပွားရေးပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့လာဘ်လာဘတွေပါနေသလား ဆိုတာပါစစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင်ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက်ပြန်စစ်ပြီးအရေးယူလို့ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးကနိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါစစ်သင့်ပါတယ်" ဟုလည်းပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့်အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်းအထိပင် အမေရိကန်ဒေါ်လာ သန်း၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း၂၀၀၀ ကျော်ပမာဏအထိ ချေးယူသုံးစွဲထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်းအတိုးနှုန်း၎ ဒသမ၅ ရာခိုင်နှုန်းပေးရမည့်ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူရဦးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့်ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင်အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိပြန်ဆပ်ရန် ကျန်နေသေးသည်။

မြန်မာနိုင်ငံ အနေဖြင့်အတိုးနှုန်းမြင့်မားစွာဖြင် ယူထားသော ချေးငွေများအပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့်လူမှုဘ၀ အကျပ်အတည်းများကိုအစိုးရသစ်ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့်အချိန်တွင် သဘာဝဓာတ်ငွေ့လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊နိုင်ငံတကာ အကြွေးအားလုံးကိ တစ်ချက်တည်းဖြင့်အကြေဆပ်နိုင်သည် ငွေပမာဏများကို နိုင်ငံခြားတွင်အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင်အများပြည်သူ အနေဖြင့်လည်းမေးခွန်းထုတ်ရမည့်ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။

၁၉၈၈ ခုနှစ်မတိုင်မီချေးယူခဲ့သည့် ချေးငွေများအတွက်ပြန်လည်ပေးဆပ်ရန ကျန်ရှိသည့်ပြည်ပချေးငွေများ (အမေရိကန်ဒေါ်လာသန်း)

နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ

အေဒီဘီချေးငွေ ၃၅၆ဒသမ ၉၃၅ အိုင်ဒီအေချေးငွေ၈၀၀ဒသမ ၅၉၀ ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃ ဒသမ ၀၃၉ ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄ဒသမ ၇၂၈ ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈ ဒသမ ၃၂၀ ကနေဒါနိုင်ငံမှချေးငွေ ၈ဒသမ ၀၅၆ ဖင်လန်နိုင်ငံမှချေးငွေ ၄ဒသမ ၈၁၂ ပြင်သစ်နိုင်ငံမှချေးငွေ ၈၄ ဒသမ ၀၀၆ အီတလီနိုင်ငံမှချေးငွေ ၆ဒသမ ၀၉၀ နယ်သာလန်နိုင်ငံမှချေးငွေ ၉ဒသမ ၇၅၆ နော်ဝေနိုင်ငံမှချေးငွေ ၃၇ ဒသမ ၁၂၆ သြစတြီးယားနိုင်ငံမှချေးငွေ ၃၇ ဒသမ ၀၂၇ အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆ ဒသမ ၅၅၂ စုစုပေါင်း ၈၄၀၈ ဒသမ ၃၄၈

ဘဏ္ဍာနှစ်အလိုက်သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ (အမေရိကန်ဒေါ်လာ၊သန်း)

ဘဏ္ဍာနှစ် ပမာဏ ၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃ ၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄ ၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉ ၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉ ၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃ ၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂ ၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့်အထက်

၁၉၈၈ ခုနှစ်နောင်ပိုင်းချေးယူခဲ့သည့် ချေးငွေများအတွက်ပြန်လည်ပေးဆပ်ရန ကျန်ရှိသည့်ပြည်ပချေးငွေများ (အမေရိကန် ဒေါ်လာသန်း)

နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ

အိုပက်ချေးငွေ ၂၂ ဒသမ ၆၄၈ အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀ဒသမ ၃၈၉ ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀ ဒသမ ၂၇၇ ဂျပန်နိုင်ငံမှချေးငွေ ၆၈ ဒသမ ၅၃၆ ထိုင်းနိုင်ငံမှချေးငွေ ၆၃ ဒသမ ၄၂၀ မလေးရှားနိုင်ငံမှချေးငွေ ၁၅၀ဒသမ ၀၀၀ ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ ဒသမ ၉၃၆ တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ ဒသမ ၇၄၄ စုစုပေါင်း ၂၆၁၄ ဒသမ ၉၅၀

Credit to-Eleven Media Group